ချင်းတွင်းအထက်ပိုင်းမှာ မိုးရွာသွန်းမှုများပြီး ကားလမ်းတွေပျက်စီးကာ ယာဥ်ပိတ်ဆို့မှုဖြစ်နေ

သြဂုတ် ၊ ၇ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ သြဂုတ်လ ၂ ရက်နေ့ကစလို့ အဆက်မပြတ် မိုးရွာတာကြောင့် ဆက်သွယ်ထားတဲ့ ကားလမ်းတချို့ပျက်စီးပြီး ကားသွားလာလို့မရဘဲ ဒီကနေ့အချိန်ထိ ယာဥ်တွေပိတ်ဆို့မိနေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်ရ သိရပါတယ် ။
 
” မုံရွာ၊ ရေဦး၊ တန့်ဆည်၊ ကလေးဝလမ်းပိုင်းမှာ မဟာမြိုင်တောထဲက နေရာတော်တော်များများ လမ်ပျက်နေတယ် ၊ လမ်းပျက်တာက မြေပြိုတယ် ၊ လမ်းချော်တယ် ၊ မြေသားလမ်းနေရာတွေမှာ လမ်းပေါ်ရေတင်ပြီး ပေါင်လည်လောက် ဗွက်ထနေတာတွေဖြစ်တယ် ၊ အတက်ကားတွေရော အဆင်းကားတွေပါ ပိတ်မိနေတာ ၄ ရက်ရှိပြီ၊ နောက် ၂ ရက်ဆိုရင်တောင် လမ်းပွင့်ဖို့ မလွယ်သေးဘူး ” လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် ယာဥ်ပိုင်၊ယာဥ်မောင်း တစ်ယောက်ကပြောပါတယ်။
 
လမ်းပျက်စီးမှုနဲ့ အတက်၊အဆင်းကားတွေ ပိတ်မိနေတဲ့ နေရာတွေကတော့ မုံရွာ-တန့်ဆည်-ကလေးဝ-ကားလမ်း မဟာမြိုင်တောအတွင်း ၃ နေရာ ၊ မုံရွာ-ယာကြီး -ကလေးဝ ကားလမ်း တောင်တွင်းချောင်နယ်အတွင်း ၂ နေရာ ၊ မုံရွာ-ကလေးဝ-မော်လိုက်ကားလမ်း ၂ နေရာ ၊ မုံရွာ-ဖောင်းပြင်-မဟာမြိုင်လမ်း-မော်လိုက်-ဖောင်းပြင်ကြား ၂ နေရာနဲ့ မုံရွာ-ပင်လည်ဘူး-ဖောင်းပြင်-ဟုမ္မလင်းကားလမ်း ၄ နေရာတွေမှာ လမ်းရေကျော်တာ လမ်းချော်တာနဲ့ ဗွက်ထနေတာကြောင့် ကားတွေသွားလာလို့မရဘဲ အဲ့ဒီနေရာတွေမှာ ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ် ။
 
” မိုးစဲသွားလို့ နေပူတာနဲ့ သွားလို့ရတဲ့ နေရာတွေမပါဘူး ရက်ပိုင်းကြာအောင် စောင့်ပြီးမှ သွားလို့ရတဲ့ နေရာတွေမှာ ပိတ်မိနေတာပါ ၊ ကုန်ခြောက်က ဘာမှမဖြစ်ပေမယ့် ၊ ကုန်စိမ်းနဲ့ ပုတ်ကုန်သိုးကုန်တွေကတော့ ပျက်စီးကုန်တယ် ၊ နေ့ချင်းပေါက် သွားနေတဲ့ လမ်းတွေဖြစ်တယ် အခုဟာက မိုးရွာတာရက်ရှည်ပြီး ရေပါဝင်မှုများတာကြောင့် ခရီးကျန့်ကြာနေရတာ လေးငါးရက်ရှိပြီ”လို့ မော်လိုက် ဖောင်းပြင်ကားလမ်း မိုင်းချောင်းအနီး ပိတ်မိနေတဲ့ ကုန်တင်ကားမောင်းသူတစ်ယောက်က ပြောပါတယ် ။
 
အဲ့ဒါကြောင့် မုံရွာမြို့ကနေ ကလေးဝ-မော်လိုက် ၊ ဖောင်းပြင်-ဟုမ္မလင်း စတဲ့ ချင်းတွင်းအထက်ပိုင်းဒေသမြို့တွေဆီကို တင်ပို့တဲ့ ကုန်စိမ်း( ကွမ်းရွက် ၊ ငါးမျိုးစုံ ၊ ခရမ်းချဥ် ၊ အာလူး)တွေဟာ အချိန်မီ ပို့ဆောင်နိုင်ခြင်းမရှိဘဲ လမ်းပျက်ပြီး ကားတွေပိတ်မိနေတဲ့နေရာမှာ ရက်ရှည်တဲ့အတွက် ပျက်စီးဆုံးရှုံးတာတွေရှိတယ်လို့ ကုန်သည်တချို့ဆီကနေ သိရပါတယ် ။
 
လမ်းကြောင်းတချို့ ပျက်စီးပိတ်ဆို့တာတွေနဲ့ပတ်သက်လို့ VOM က စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်းဆီးနဲ့ ဝန်ကြီးရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
ပုံစာ – ကလေးဝလမ်း ချောင်းဆုံနေရာမှာ ပိတ်မိနေတဲ့ ကားတချို့ မြင်ရပုံ
ဓာတ်ပုံ – ယာဉ်မောင်းတစ်ဦး
#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW