အချုပ်ထောင်မှာ ပါဆယ်မိုင်းပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ထောင်ဝင်စာတွေ လုံခြုံရေးတင်းကြပ်ထား

သြဂုတ် ၊ ၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အချုပ်ထောင်ဝင်စာ ပါဆယ်မိုင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲဝန်ထမ်း ၃ ယောက် ဒဏ်ရာရရှိတဲ့ဖြစ်စဥ် ပေါ်ပေါက်ပြီးနောက် ရဲအချုပ် ထောင်ဝင်စာတွေနဲ့ အကျဥ်းထောင် ထောင်ဝင်စာတွေကို မနေ့ သြဂုတ် ၈ ရက် မနက်ပိုင်းကစလို့ ပိုမိုတင်းကြပ်စွာ စစ်ဆေးနေတယ်လို့ ပြည်ထဲရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
 
” ဒီလ ၇ ရက် ညနေ ၄ နာရီ ဝန်းကျင်မှာ မိုးကုတ် အချုပ်ထောင်ထဲကို ပေးသွင်းမယ့် ထောင်ဝင်စာ ထမင်းထုပ်တွေထဲက ပါဆယ်မိုင်း ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရခဲ့တယ် ၊ အလားတူ ဖြစ်စဥ်တွေ ထပ်မံမဖြစ်ဖို့ တစ်နိုင်ငံလုံးက ရဲ အချုပ် နဲ့ အကျဥ်းထောင် ထောင်ဝင်စာတွေအားလုံးကို လုံခြုံရေးအရ စစ်ဆေးမှုတွေ တင်းကြပ်စွာ လုပ်နေတာဖြစ်တယ် ” လို့ ပြည်ထဲရေးရုံးဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
 
မိုးကုတ်မြို့ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်လို့ မိုးကုတ်မြို့ခံ လူမှုကူညီရေးအသင်းတစ်ခုရဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ” ပေါက်ကွဲမှုဖြစ်ပြီးမှ ကူညီပေးဖို့ ရောက်သွားတယ် ၊ ဖြစ်တဲ့နေရာက မိုးကုတ် အချုပ်ထောင် အနီးက သက်သာထမင်းဆိုင်ထဲမှာ ဖြစ်တာပါ ၊ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ သက်သာဆိုင်ထဲမှာ ထိုင်နေတဲ့ ရဲဝန်ထမ်း ၃ ယောက် ဒဏ်ရာရထားတာတွေ့ရတယ် ၊ ထောင်ဝင်စာ ပါဆယ်ထမင်းထုပ်ထဲက ပေါက်ကွဲတာ ” လို့ ပြောပါတယ်။
 
ဒါ့အပြင် မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က ” အဲ့ဒီ ပေါက်ကွဲဖြစ်စဥ်မှာ ဒဏ်ရာရ တပ်ဖွဲ့ဝင် ၃ ဦးဖြစ်တယ် ၊ ဒဏ်ရာအခြေအနေက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်တော့ မဟုတ်ဘူး”လို့ ပြောပါတယ် ။
 
အဲ့ဒီ ပေါက်ကွဲမှုရဲ့ ဒဏ်ရာရ လူနာစာရင်းမှာ ရဲဒုတပ်ကြပ်(၁)ဦး ဝဲဘက် ခြေဖမိုး ၊ ဝဲဘက် ခြေကျင်းဝတ် ပြတ်ရှ ဒဏ်ရာ ၊ ရဲတပ်သား(၁)ဦး ဝဲဘက်နား ၊ လည်ပင်း ရင်ဘတ် ဒဏ်ရာ နဲ့ ရဲတပ်သား(၁)ဦး ဝဲဘက်မျက်လုံးဒဏ်ရာဆိုပြီး ရဲမှတ်တမ်းမှာဖော်ပြထားတယ်လို့ သိရပါတယ်။
 
အဲ့ဒါကြောင့် သြဂုတ် ၈ ရက် မနေ့ မနက်စတင်ပြီး ရဲ အချုပ်မှာ ပေးသွင်းမယ့် ထောင်ဝင်စာ ပါဆယ်ထုပ်တွေနဲ့ အကျဥ်းထောင် မှာ ပေးသွင်းမယ့် ထောင်ဝင်စာ ပါဆယ်ထုပ်တွေကို လာရောက်ပေးသွင်းတဲ့ သူရဲ့ရှေ့မှာ တင်းကြပ်စွာ စစ်ဆေးနေတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ထောင်ဝင်စာ ပေးပို့ ပြန်လာသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ပုံစာ- ထောင်ဝင်စာတွေ့နေတဲ့မြင်ကွင်း
#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW