အာဖဂန်နစ္စတန်မြို့တော်ကို ရက် ၉၀ အတွင်း တာလီဘန်တို့ သိမ်းပိုက်နိုင်ဖွယ်ရှိ

၀ါရှင်တန်၊ သြဂုတ်-၁၂-၂၀၂၁
မျိုးဆက် (VOM)
 
တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန် မြို့တော်ကဘူးကို ရက် ၉၀ အတွင်းသိမ်းပိုက်နိုင်တယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်ကို ကိုးကားပြီး အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
 
ယခုလကုန်မှာ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့၀င်တွေ အပြီးသတ်ဆုတ်ခွာမှုမတိုင်မီမှာ တာလီဘန်တွေက ထိုးစစ်ဆင်နွှဲမှုတွေကို အရှိန်မြင့်နေပြီး နယ်မြေသိမ်းပိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။
 
လက်ရှိအချိန်ထိ ပြည်နယ်တွေရဲ့ မြို့တော်အတော်များများကိုလည်းသူတို့က ထိန်းချုပ်ထားပါတယ်။ တာလီဘန်တွေဟာ ရက်ပေါင်း ၃၀ အတွင်း မြို့တော်ကဘူးကို ပိတ်ဆို့ထားပြီး ရက် ၉၀ အတွင်း သိမ်းပိုက်နိုင်တယ်လို့ ထောက်လှမ်းရေးအစီရင်ခံစာကို ကိုးကားပြီး အမေရိကန်အစိုးရတာ၀န်ရှိသူတွေက ပြောပါတယ်။
 
ကဘူးကျဆုံးမှုအပါအ၀င် ဖြစ်နိုင်ချေရှိတဲ့ ရလဒ်တွေကို ရှောင်လွှဲလို့မရဘူးလို့ အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက သြဂုတ် ၁၁ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
 
ဒီလိုအခြေအနေမှာ အာဖဂန်က အမေရိကန်တပ်ဖွဲ့၀င်တွေရုပ်သိမ်းရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုထားပြီး အာဖဂန်ရဲ့လက်ရှိဖြစ်ပွားနေတဲ့ လုံခြုံရေးအခြေအနေတွေအပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။
 
Ref : NHK
Photo: AFP
#voiceofmyanmar #vom #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW