ကောလင်းနယ်ထဲက သတင်းပေးလို့အမည်ထွက်နေတဲ့အိမ်ကို သေနတ်နဲ့ ဝိုင်းပစ်လို့ အမျိုးသမီး ၁ ဦး သေဆုံး

သြဂုတ် ၊ ၁၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သပြေအိုင်ကျေးရွာအုပ်စု ၊ ချောင်းကွေ့ကျေးရွာမှာ ဒီကနေ့ မနက် အစောပိုင်း ၁ နာရီမထိုးခင် အချိန်ဝန်းကျင်က သတင်းပေးလို့ အမည်ထွက်နေတဲ့ နေအိမ် ၁ လုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်တွေနဲ့ ပစ်ခတ်လို့ အဲ့ဒီအိမ်ထဲမှာ ရှိနေတဲ့ အမျိုးသမီးငယ် ၁ ယောက် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ ကောလင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ညကဖြစ်တာပါ ၊ ရွာထဲကို လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး မောင်းပြန်သေနတ်တွေနဲ့ ဦးသစ်လွင်လေးရဲ့ အိမ်ကို ဆက်တိုက်ပစ်တယ် ၊ ဒီမနက်အစောပိုင်းမှာတော့ ဦးသစ်လွင်လေးရဲ့ သမီး အသက် ၂၀ အမျိုးသမီးဟာ ကျည်ဆံထိမှန်ပြီး သေဆုံးသွားတယ် ” လို့ သေဆုံးသူရဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်က ပြောပါတယ်။
 
ကောလင်း မြို့နယ်ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်ရာမှာတော့ ” ချောင်းကွေ့ရွာဘက်မှာ ညက ပစ်ခတ်မှုဖြစ်တယ်လို့တော့ သတင်းရတယ် ၊ သွားရောက်စစ်ဆေးနေဆဲမို့ ဘာမှ ပြောလို့ မရနိုင်သေးပါဘူး ” လို့ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်က VOM ရဲ့ ဆက်သွယ်မေးမြန်းတာကို အဲ့ဒီအတိုင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
 
ကောလင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်း နယ်မြေဖြစ်တဲ့ ရွှေဘို-မြစ်ကြီးနား ဗျူဟာကားလမ်းအနီးက ရွာတချို့မှာ အခုလ ၁ ရက်နေ့ကစလို့ သတင်းပေးလို့ အမည်ထွက်နေသူတွေနဲ့ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူတွေကို မကြာခဏ သတ်ဖြတ်ခံရတာတွေရှိနေပြီး ၁၀ ရက်တာ ကာလထဲမှာ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီ ဒေသခံတချို့က ဖြစ်စဥ်တွေကို ကိုးကားပြောဆိုကြတာ ရှိပါတယ်။
 
အဲ့ဒီလို အခြေအနေတွေဖြစ်ပေါ်နေတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ဟာ အလုပ်တာဝန်ကနေ နုတ်ထွက်ခွင့်ပြုဖို့အတွက် စာရေးတင်ပြထားကြတယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ကောလင်း

Related posts

Leave a Comment

VOM News

FREE
VIEW