ချင်းတွင်းအထက်ပိုင်း ၄ မြို့နယ်မှာ MPT တာဝါတိုင် မိုးကြိုးထိမှန်ပြီးနောက် ဆက်သွယ်ရေးပြတ်တောက်

သြဂုတ် ၊ ၁၄ -၂၀၂၁
ကိုတိုးကြီး (VOM)
 
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက MPT မိုက်ကရိုဝေဗ့် တာဝါတိုင် ဆက်ကြောင်းတစ်ခု မိုးကြိုထိမှန်ပြီးနောက်ပိုင်း ချင်းတွင်းအထက်ပိုင်းက မြို့နယ် ၄ ခုမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီက သိရပါတယ်။
 
” ၁၂ ရက်နေ့ ညနေပိုင်းကစလို့ ဟုမ္မလင်း ၊ ခန္တီး ၊ လေရှီး ၊ လဟယ် အဲ့ဒီ ၄ မြို့နယ်က MPT ဖုန်းလိုင်းတွေ ဆက်သွယ်မရတော့ဘူး ၊ ပြတ်တောက်နေတာ နာရီ ၄၀ ကျော် ကြာသွားပြီ ” လို့ ဟုမ္မလင်းမြို့ခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီလို MPT ဖုန်းလိုင်းတွေ ပြတ်တောက်ရတာဟာ နောင်လွန် နားနောက်ကျေးရွာအနီးက MPT Operator Tower တိုင်မိုးကြိုးထိမှန်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ Sagaing Station MPT တာဝန်ရှိသူတွေက ဖြေကြားထားပါတယ်။
 
” ကုန်လှမ်းမှာဖို့က တခြားဖုန်း ပြောင်းသုံးလို့ရတယ် ၊ ကုန်ပို့တဲ့သူတွေက MPT ဖုန်းတမျိုးပဲသိတော့ ချိတ်ဆက်မှုတွေ လွဲချော်ကြန့်ကြာကုန်တယ် ” လို့ ဟုမ္မလင်းမြို့ခံ ကုန်သည်တစ်ဦးက ပြောပါတယ်။
 
ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေဟာ သတ္ထုတူးဖော်ရေး လုပ်ငန်းတွေကို အခြေခံပြီး စီးပွားရေးလုပ်ကိုင်ရတဲ့အတွက် အမှာကုန် အော်ဒါတင်နဲ့ ဖြန့်ချီကုန် ချိန်ဆက်ရာမှာ လူသိများပြီး လုပ်ငန်းသုံးဖုန်းလိုင်း ပြတ်တောက်နေတာကြောင့် ကုန်စည်စီးဆင်းမှု တုန့်ဆိုင်းသွားတယ်လို့ သိရပါတယ် ။
 
ဒါ့အပြင် ဌာနဆိုင်ရာ ရုံးလုပ်ငန်းအများစုကလည်း အထက်ချင်းတွင်းဒေသကို ပထမဦးဆုံး ဝန်ဆောင်မှုပေးခဲ့တဲ့ MPT ဖုန်းလိုင်း တစ်ခုထဲကို စွဲမြဲအသုံးပြုခဲ့တဲ့အတွက် ရုံးလုပ်ငန်းတချို့ ချိတ်ဆက်လုပ်ကိုင်ရာမှာလည်း အခက်အခဲတွေရှိနေရတာဖြစ်တယ်လို့ သိရပါတယ်။
 
မိုးကြိုထိမှန်လို့ ပျက်စီးသွားတဲ့ မိုက်ကရိုဝေဗ့် တာဝါတိုင်ကို ကုမ္မဏီက အမြန်ဆုံး အစားထိုးပြင်ဆင်နေပေမယ့် မိုးရွာသွန်းမှု များပြားပြီး ရေလမ်း ၊ ကုန်းလမ်း သွားလာရေး ခက်ခဲနေသေးတဲ့အတွက် ပြင်ဆင်အသုံးပြုမယ့် ပစ္စည်းတွေ အရောက်နောက်ကျနေတာကြောင့် လက်တလော ဖုန်းလိုင်းတွေ ဆက်လက် ပြတ်တောက်နိုင်ဖွယ် အခြေအနေရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ဟုမ္မလင်း

Related posts

Leave a Comment

VOM News

FREE
VIEW