တကောင်းနီကယ်စက်ရုံက အလုပ်သမား(၂)ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သြဂုတ် ၁၇-၂၀၂၁
KK(VOM)
 
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် Myanmar CNICO တကောင်းနီကယ်သတ္တုတူးဖော်ရေးစက်ရုံက အလုပ်သမားနှစ်ဦးဟာ မနေ့ဩဂုတ်လ ၁၆ရက် ည၆နာရီခန့်က သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ မောင်းကုန်းကျေးရွာနေပြည်သူတွေဆီက သိရပါတယ်။
 
စက်ရုံကအပြန် မောင်းကုန်းရွာနဲ့မြတောင်ရွာကြား ကန်သာယာရွာလမ်းမ​ပေါ်မှာ ဆိုင်ကယ်နဲ့ပြန်လာချိန် အမည်မသိအဖွဲ့က ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားတာ ရှစ်ချက်လောက်ရှိမယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ လူငယ်နှစ်ဦးဟာ ဆိုင်ကယ်တစ်စီးကိုအတူစီးကာ ပြန်လာလေ့ရှိပြီး မြတောင်ကျေးရွာနဲ့သပြေလှကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ မောင်းကုန်းကျေးရွာနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
သေဆုံးသူလူငယ်နှစ်ဦးဟာ န.စ.ကနဲ့ပတ်သက် ဆက်နွယ်သူတွေဖြစ်လို့ အသတ်ခံရတာဖြစ်ကြောင်း ထင်ကြေးပေးသူတွေလည်း ရှိနေပါတယ်။
 
ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာမှာ ၂၀၁၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ MYANMAR CNICO တကောင်းနီကယ်ဓာတ်သတ္တုတူးဖော်ရေးကုမ္မဏီကို တရုတ်လူမျိုး Mr Luo Hongwei ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
 
Myanmar CNICO တကောင်းနီကယ်စက်ရုံမှာ၂၀၂၀ ခုနှစ် ဇွန်လ၁၅ရက်ကလည်း ကျောက်ရှာဖွေသူနှစ်ဦးကို အစောင့်ရဲတပ်ဖွဲ့ကသေနတ်နဲ့ပစ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ထီးချိုင့်

Related posts

Leave a Comment

VOM News

FREE
VIEW