ပုဏ္ဏားကျွန်း တောဖျားချောင်းကနေ မျှစ်ချိုးပြီးပြန်လာသူ (၄)ဦးရေနစ်ပျောက်ဆုံး

ပုဏ္ဏားကျွန်း၊ ဩဂုတ် ၁၇- ၂၀၂၁
HAS (VOM)
 
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ဘူးကျေးရွာကနေ တောဖျားချောင်းဒေသကို မျှစ်ချိုးသွားသူ (၄) ဦးဟာ အပြန်လမ်းမှာ လှေတိမ်းမှောက်ပြီး မနေ့ ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ရေးနစ်ပျောက်ဆုံးသွားကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။
 
လှေတိမ်းမှောက်သွားတဲ့နေရာဟာ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်ကို ဆက်သွယ်ထားတဲ့လမ်း(စေတီပြင်တံတား) အောက်မှာ နစ်မြုပ်သွားတာဖြစ်ပြီး လှေနစ်မြုပ်သွားပြီးပျောက်ဆုံးနေတဲ့ (၄) ဦးထဲမှာ အမျိုးသမီး (၃) ယောက်နဲ့ အမျိုးသားတစ်ဦး ပါဝင်ကြောင်း သိရပါတယ်။
 
လှေတိမ်းမှောက်ပြီးနောက် ရေနစ်ပျောက်ဆုံးနေသူတွေဟာ ကန်ဘူးကျေးရွာက ဦးခင်သန်းမောင် (၄၅) နှစ်နဲ့ ဇနီး ဒေါ်မပုယေ (၄၁)၊ ဒေါ်ဦးဆန်းရီ (၄၇) နှစ်၊ မဖြူဖြူသန်း (၂၂) တို့ဖြစ်ကြောင်းသိရပြီး အဲဒီ (၄) ဦးထဲက တစ်ဦးဖြစ်တဲ့ ဒေါ်မပုယေကို မနေ့က ည ၈ နာရီမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့ကြောင်း အလောင်းရှာဖွေနေသူတွေဆီက သိရပါတယ်။
 
ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှာပါဝင်တဲ့ ကိုဇော်မင်းထွန်းက “ သူတို့က ချောင်းဖျားကနေ မျှစ်ချိုး(ရခိုင်အခေါ်ဝါးတုတ်ချိုး) ကန်ဘူးရွာကိုပြန်လာကြတာ။ အဲ့ဒီမှာ စေတီပြင်နဲ့ မနီးမဝေးမှာ ဖြစ်သွားတာ။ မနေ့ကလည်း ကျနော်တို့ ရေနစ်သွားတဲ့လူတွေကို ရှာဖွေရေးတွေလုပ်ကြတယ်။ အဲ့ဒီမှာ တစ်ယောက်တော့တွေ့ထားပြီ။ ဒီနေ့လည်း ဆက်လက်ရှာဖွေနေကြတုန်းပါ။” လို့ ပြောပါတယ်။
 
ရေနစ်ပျောက်ဆုံးနေတဲ့ ဦးခင်သန်းမောင် (၄၅) နှစ်နဲ့ ဇနီး ဒေါ်မပုယေ (၄၁)တို့မှာ သားသမီး (၃) ယောက် ရွာမှာကျန်နေခဲ့ပြီး ဒေါ်ဦးဆန်းရီ အသက် (၄၇) နှစ်မှာတော့ သား(၄) ယောက်၊ သမီး (၁) ယောက်ကျန်ခဲ့ကာ ခင်ပွန်းသည်မရှိတော့ကြောင်း သိရပါတယ်။
 
လက်ရှိ သူတို့ကို ရှာဖွေရာမှာ လှေ (၁၀)စီးကျော်၊ လူအင်အား (၁၀၀) လောက်နဲ့ ရှာဖွေမှုတွေပြုလုပ်နေပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထဲမှာ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တို့က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
 
လောလောဆယ်အချိန်ထိ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေအနေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့နေရာသို့ ရောက်မလာသေးဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
 
#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း

Related posts

Leave a Comment

VOM News

FREE
VIEW