အိန္ဒိယနယ်စပ်မှာ ခိုလှုံခွင့်ရ မြန်မာတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုစတင်

သြဂုတ် ၊ ၁၈ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်ထဲမှာ ခိုလှုံနေထိုင်ခွင့်ရ မြန်မာတွေကို မီဇိုရမ်း ပြည်နယ် ကျန်းမာရေးဌာနနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဦးစားပေးအဆင့် တရပ်အနေနဲ့ မနေ့ သြဂုတ် ၁၇ ကစလို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးတွေ စတင် ထိုးနှံ လုပ်ဆောင်နေပြီလို့ မီဇိုရမ်ရောက် မြန်မာတချို့ရဲ့ ဆက်သွယ် ပြောပြချက်အရ သိရပါတယ် ။
 
” ကျန်ဖိုင်း (Champhai) ရောက် မြန်မာ တွေကို မီဇိုရမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဇိုရမ်သန်ဂါ (Zoramtjanga ) ဦးဆောင်မှုနဲ့ အရပ်ဖက် လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းတွေက အဲ့ဒီ ကာကွယ်ဆေးတွေကို ထိုးနှံပေးတာဖြစ်တယ် ” လို့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာ တစ်ယောက်က ပြောပါတယ်။
 
ခိုလှုံခွင့်ရ မြန်မာတွေကို မနေ့က ထိုးနှံပေးခဲ့တဲ့ ကာကွယ်ဆေးဟာ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးဖြစ်ပြီး ပထမကြိမ် စတင်ထိုးနှံပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်း ကစလို့ မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် ထဲကို နေ့စဥ်လိုလို အလွှာအတန်းမျိုးစုံက မြန်မာနိုင်ငံသားတွေ ခိုလှုံနေထိုင်ဖို့ အတွက်
ဝင်ရောက်နေပြီး ၊ ဝင်ရောက်လာတဲ့ မြန်မာတွေကို မီဇိုရမ်း ပြည်နယ် အစိုးရ ရဲဌာနနဲ့ အိမ်ရာဌာနတွေက စီစစ်နေရာချထားပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းစလို့ အခု သြဂုတ်လ ၁၇ အထိ မီဇိုရမ်းပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ မြန်မာအရေတွက်ဟာ ၂ ထောင်ကျော်ရှိနေပြီး ဆက်လက်ဝင်ရောက်နေဆဲဖြစ်တယ်လို့ အဲ့ဒီ ဒေသရောက် မြန်မာတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
 
#voiceofmyanmar #vom #မီဇိုးရမ်း #အိန္ဒိယကိုဗစ်ကာကွယ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW