ဘင်္ဂလားဒေရှ် နယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ရက်ရှည်လို့ အလုပ်သမားတွေ အဆင်မပြေဖြစ်နေ

သြဂုတ် ၊ ၂၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မြန်မာ – ဘင်္ဂလားဒေရှ့် ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်းတောနယ်စပ်ကုန်သွယ်ရေးဂိတ်ကို တကျော့ပြန် ပိတ်ခဲ့တာဟာ ဒီလ သြဂုတ် ၁၅ ရက်က တလပြည့်တာမို့ ပိတ်ရက် ကြာရှည်လာတာနဲ့အမျှ အဲ့ဒီ ဂိတ်ကိုအမှီပြု စားသောက်နေရတဲ့ အလုပ်သမား မိသားစုတွေ စားဝတ်နေရေး အဆင်မပြေဖြစ်ကာ ကြပ်တည်းမှု အမျိုးမျိုးနဲ့ ကြုံတွေ့နေရတယ်လို့ နယ်စပ်ကုန်သွယ်ရေး အလုပ်သမားတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” ကိုဗစ် ပထမနဲ့ ဒုတိယလှိုင်းတုန်းက ယာယီ ပိတ်ထားခဲ့တာ ဒီနှစ် ဧပြီ ၁၂ ကြမှ ကုန်သွယ်မှု အစပြန်ပြုတယ် ၊ တခါ အခု တတိယလှိုင်း ဖြစ်ပေါ်လာတဲ့အတွက် ဇူလိုင် ၁၅ ကနေ ၃၀ အထိ တကျော့ပြန် ယာယီထပ်ပိတ်ပြန်တယ် ၊ ပြည်နယ်ကောင်စီက ပြန်ဖွင့်ရက်ကို ကြေညာ ပြောဆိုတာ မရှိသေးဘူး ၊ တကျော့ပြန် ယာယီပိတ်ထားရတာ ဒီလ သြဂုတ် ၁၅ ရက်က ၁ လပြည့်ခဲ့ပြီ ” လို့ နယ်စပ်ကုန်သွယ် အလုပ်သမားခေါင်း တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ မောင်းတော နယ်စပ်ကုန်သွယ်ရေး ဂိတ်ကို အမှီပြုပြီး စားသောက်နေရတဲ့ ကုန်တင်ကုန်ချ အလုပ်သမားအရေအတွက်ဟာ ၁၅၀ ကျော်ရှိပြီး မိသားစု ဦးရေဟာလည်း ၁ ထောင်အထက်မှာ ရှိတယ်လို့ သိရပါတယ်။
 
” ကိုဗစ်ရော ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ဖြတ်တောက်တဲ့ လုပ်ငန်းအရ ပြည်နယ်ကောင်စီက ယာယီပိတ်ထားတာဖြစ်တယ် ၊ ပိတ်ရက်ရှည်လာတာနဲ့အမျှ အလုပ်သမားတွေရဲ့ စားဝတ်နေရေးဟာလည်း ကြပ်တည်းလာတယ် ၊ မိသားစုများတဲ့ အလုပ်သမားတွေဆိုရင် စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာ အကုန် ကုန်တဲ့အပြင် ကြွေးမီးတိုးလို့ ပူနေကြရပြီ ၊ မျှတစားနေရတဲ့ အခြေအနေပါ ၊ တဖက်တလမ်းကနေ ပြည်နယ်ကောင်စီက ထောက်ပံ့ပေးစေချင်တယ် ” လို့ ကုန်တင်ကုန်ချ အလုပ်သမား တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ မောင်းတော နယ်စပ်ကုန်သွယ်ရေး ကုန်တင် ကုန်ချ အလုပ်သမားတွေဟာ ကုန်သွယ်ရေးဂိတ် ယာယီပိတ်ထားတဲ့ ကြားကာလမှာ စားဝတ်နေရေး အဆင်ပြေဖို့အတွက် အစားထိုး အလုပ် ၊ လုပ်ကိုင်ဖို့ ဆန္ဒရှိကြပေမယ့် မောင်းတောမြို့ပေါ်မှာ အလုပ်အကိုင် အားလုံးနီးပါး ယာယီရပ်နားထားကြတာကြောင့် သူတို့ရဲ့ စားဝတ်နေရေး ပိုမို အခက်တွေ့စေတယ်လို့ သိရပါတယ်။
 
အဲ့ဒါကြောင့် ကုန်တင်ကုန်ချ အလုပ်သမားတွေဟာ ကိုဗစ်စည်းမျဥ်း စည်းကမ်းနဲ့အညီ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကို ပြည်နယ်ကောင်စီက ပြန်လည် အစပြုဖို့ ခွင့်ပြုပေးမယ့် ရက်ကိုပဲ အကြပ်အတည်းကြားက မျှော်လင့်နေရတယ်လို့ ပြောပါတယ်။
 
လက်ရှိ မောင်းတောမြို့နယ်ရဲ့ ကိုဗစ်ရောဂါ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး သြဂုတ် ၁၈ အထိ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ ၄၇၁ ဦး ၊ ဆေးရုံခွင့်ရသူ ၄၃၉ ဦး ၊ သေဆုံးသူ ၁၈ ဦး ရှိတယ်လို့ ခရိုင်ကျန်းမာရေး ဌာနရဲ့ ကိန်းဂဏန်း အရေအတွက်အရ သိရပါတယ်။
 
ဒါ့အပြင် ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါ ထိန်းချုပ် ဖြတ်တောက်တဲ့အနေနဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA က မနေ့ သြဂုတ် ၁၉ ကနေ ၂၅ အထိ ရက်သတ္တ ၁ ပတ် နေအိမ်မှာတင် နေထိုင်ရေး Stay at home အစီးအစဥ် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ထားပါသေးတယ်။
 
#voiceofmyanmar #vom #မြန်မာဘင်္ဂလားဒေရှ်

Related posts

Leave a Comment

VOM News

FREE
VIEW