ကျယ်ဂေါင်မှာ COVID-19 ကပ်ရောဂါ အမြစ်ဖြတ်ဖို့ လူမထားပဲ မြို့ကို အလွတ် ထားတော့မည်

ဩဂုတ် ၂၂၊ ၂၀၂၁
Shy V(VOM)
 
မြန်မာ-တရုတ်နယ်စပ် COVID-19 ကပ်ရောဂါ အမြင့်ဆုံး အနီရောင်ဇုံ အဖြစ် သတ်မှတ်ထားတဲ့ ကျယ်‌ဂေါင်မှာ ကပ်ရောဂါကို အမြစ်ဖြတ်ဖို့ ကျယ်‌ဂေါင်မြို့ထဲ လူမရှိဘဲ အလွတ်ထားတော့မှာဖြစ်ပြီး ဆေးပြင်းဖျန်း သွားမှာ ဖြစ်ကြောင်း တရုတ် ကျန်းမာရေးဌာနက ဩဂုတ်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ကြေငြာချက် ထုတ်ထားပါတယ်။
 
ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး ကျယ်‌ဂေါင်မြို့ရှိ လူဦးရေ တရုတ်နိုင်ငံသား ၂၀၄၆ ဦး၊ မြန်မာနိုင်ငံသား ၂၀၀၆ ဦး စုစုပေါင်း ၄၀၅၂ ဦးထဲမှ အစိုးရဝန်ထမ်းများနဲ့ နယ်ခြားကင်းစောင့်သမားများမှအပ ကျယ်ဂေါင်မှာ ရောက်ရှိ၊ နေထိုင်သူ တရုတ်နိုင်ငံသားရော မြန်မာပါ အားလုံး Quarantine ၀င်ရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံသားများ အနေနဲ့ မြန်မာနိုင်ငံ ပြန်လိုပါက ၄/၅ ရက်အတွင်း မိမိနိုင်ငံပြန်ဖို့ သက်ဆိုင်ရာသို့ အမြန်ဆုံး အကြောင်းကြားရန်နဲ့ အကယ်၍ ဆက်လက် နေထိုင်လိုပါကရွှေလီမှာ သတ်မှတ် ရက်အတိုင်း Q ဝင်ပြီး ရွှေလီမှာဆက်နေရမှာ ဖြစ်ကြောင်း၊ ကျယ်ဂေါင်မှာ နေခွင့် မပြုတော့ကြောင်း ပါရှိပါတယ်။
 
Q ဝင်မယ့်သူများ အနေနဲ့စားစရိတ် အခမဲ့ ကျွေးမွေးတဲ့ ရိုးရိုး Q Center နဲ့ ကိုယ့်နေထိုင် စားသောက်စရိတ် ကျခံရမယ့် ဟိုတယ် Q နေရာ မိမိ ကြိုက်ရာ ရွေးချယ်နိုင်ကြောင်းလည်း ပါရှိပါတယ်။
 
Q ဝင်သူ အားလုံးအတွက် ကျန်းမာရေးဆေးစစ်ခ ကိုသက်ဆိုင်ရာကျန်းမာရေးဌာနမှ ကုန်ကျခံပေးသွားမှာ ဖြစ်ပြီး ဝမ်တိန် သို့မဟုတ် မန်စီ တို့မှ ရိုးရိုး Q Center ကို ရွေးချယ်သူများ အနေနဲ့ စားစရိတ်ကို မိမိကိုယ်တိုင် ကုန်ကျခံရမှာ ဖြစ်ကာ ရွှေလီ Q စင်တာနှင့် တခြားနယ်မှ ဟိုတယ် Q စင်တာတွေကို ရွေးချယ်လျှင် နေထိုင်စရိတ်၊ စားစရိတ် အကုန်လုံး မိမိ ကိုယ်တိုင် ကုန်ကျခံရမှာ ဖြစ်တယ် လို့သိရပါတယ်။
 
ရွှေလီ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ညွှန်ကြားရေး ဌာနတို့မှ ထုတ်ပြန်ထားတဲ့ သတင်း အချက်အလက် အရ ကျယ်‌ဂေါင်ရှိ လူများ ရွှေလီသို့ မိမိစားစရိတ်နဲ့ Q ဝင်ကြပါက Q ဝင်စရိတ်များကို စာချုပ်ပါ အချက်အလက်တိုင်းကောက်ခံမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
Q စင်တာကို ပို့ဆောင်ရန် အချိန်သတ်မှတ်စာ ထုတ်ပြီး ၅ ရက်အတွင်း Q စင်တာတွင် ထားရှိရန် အစီအစဉ် ရှိပြီး ရွှေလီမှ ထွက်ခွာလိုတဲ့ တရုတ်နိုင်ငံသားများ ပြည်နယ်တွင်း သို့မဟုတ် မြို့ပြင် ဟိုတယ် Q စင်တာနှင့် မန်စီမြို့မှာ ပုဂ္ဂလိက အိမ်ငှားတို့တွင် Q ဝင်ကြရန်၊ ရွှေလီမြို့မှာ ဆက်လက် နေထိုင်မယ့် တရုတ်နိုင်ငံသားများနဲ့ မြန်မာ နိုင်ငံသားများ ရွှေလီ ဟိုတယ် Q စင်တာ သို့မဟုတ် ဝမ်တိန် Q စင်တာတွင် Q ဝင်ရမှာ ဖြစ်ကြောင်း ပါရှိပါတယ်။
 
၂၀၂၁ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ Q ရက် ပြည့်ပြီးတဲ့ လူတွေ ကိုယ့်စရိတ်နဲ့ ကိုယ် ရှင်းရမှာဖြစ်ပြီး အခက်ခဲရှိလာခဲ့ရင်တော့ အစိုးရကိုတင်ပြ အကူညီတောင်းခံနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
 
Q ဝင်ပြီးရင်လည်း စင်တာကဆင်းတဲ့စာရွက်နဲ့ ရွှေလီကနေထွက်ခွာခွင့်စာလုပ်ရမှာဖြစ်ပြီး ကျယ်ခေါင်မှာ ပစ္စည်းကျန်တဲ့လူ အနေနဲ့ ကားတွေ၊ ပစ္စည်းတွေယူရမှာ ဖြစ်ကာ ရွှေလီမြို့ကနေ ထွက်ခွာရမှာဖြစ်ကြောင်း သိရပါတယ်။
 
#voiceofmyanmar #vom #ကျယ်ဂေါင် #ရွှေလီ

Related posts

Leave a Comment

VOM News

FREE
VIEW