ပုလဲမြို့နယ်က သစ်တောဝန်ထမ်း ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၂၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ မြို့နယ်သစ်တောဦးစီးဌာန အိုင်းမသစ်တောဘိနယ်က ဝန်ထမ်း ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကို မနေ့ သြဂုတ် ၂၁ ညပိုင်းက တွေ့ရတယ်လို့ ပုလဲမြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းတွေက ပြောပါတယ်။
 
” အိုင်းမ သစ်တောဘိနယ်ရုံးက လုံခြုံရေး အနေအထားအရ ယာယီ ခေတ္တပိတ်ထားတာကြောင့် အဲ့ဒီမှာ တာဝန်ကျနေတဲ့ ကိုမောင်လင်းက သူ့ယောက္ခမတွေနေထိုင်တဲ့ရွာကို အပြန်လမ်းမှာ လူတစ်စုရဲ့ သေနတ်နဲ့ပစ်ခံ
ရတဲ့အတွက် သေဆုံးရတာ ” လို့ ပုလဲသစ်တောရုံး ဝန်ထမ်းတစ်ယောက်က ပြောပါတယ် ။
 
သေဆုံးသူ ကိုမောင်လင်းရဲ့ ဇနီးဖြစ်သူ မဌေးဌေးခိုင် က ” အိုင်မရွာမြောက်ဘက် ၂ မိုင်လောက်ဝေးတဲ့ သံပုကျင်း တောတိုက်ကနေ အိုင်းမရွာဘက်ကိုအပြန် သူက ‘ နင်အရင်ပြန်နှင့် နောက်မှ ငါလိုက်လာမယ်’ဆိုတာကြောင့် အရင်ပြန်ခဲ့တယ် ၊ အချိန်တော်တော်ကြာထိ သူမလာသေးလို့ ဖုန်းဆက်လှမ်းမေးတဲ့အခါ အဆက်အသွယ်ရတယ်၊ သူ့ကို လက်နက်ကိုင် လူတစ်စုက သေနတ်နဲ့ လိုက်ပစ်နေလို့ ပတ်ပြေးနေရတယ်လို့ စကားပြန်ရတယ် ၊ အဲ့ဒီနောက် သေနတ်သံ ၂ ချက်ကြားလိုက်ရတယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီနောက် မဌေးဌေးခိုင်ဟာ ဆွေမျိုးသားချင်းတွေကို အကူညီတောင်းပြီး ကိုမောင်လင်းကိုတောနင်းရှာတဲ့အခါ အိုင်းမရွာ သုဿန်အနီးက လယ်စပ်မှာ မေးစေ့အောက် လည်ပင်း ကျည်ဆံဖောက်ဝင်ဒဏ်ရာ ၊ ရင်အုံ နှစ်ဖက်စလုံး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကိုမောင်လင်းရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ သစ်တောဘိနယ်တာဝန်ကျ ဝန်ထမ်း ၁ ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ ” လုံခြုံရေး အခြေအနေအရ တချို့ သစ်တောဘိနယ်တွေ ယာယီခေတ္တပိတ်ထားရတယ် ၊ အခုလူသတ်မှုဖြစ်စဥ်ကိုလည်း မြို့နယ်သစ်တောဌာန တိုင်တန်းအမှုဖွင့်ထားပြီး လုပ်စရာရှိတာ လုပ်နေပါပြီ “လို့ ပုလဲမြို့နယ်ရဲတပ်ဖွဲ့ရုံး ရဲဝန်ထမ်းတစ်​ယောက်က VOM ရဲ့မေးမြန်းတာကို အဲ့ဒီလို ဖြေကြား ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ သစ်တောဝန်ထမ်း သတ်ခံရတဲ့ ကိစ္စကို ပုလဲမြို့မရဲစခန်း (ပ) ၈၅ / ၂၀၂၁၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၄ အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW