တာချီလိတ်​မြို့နယ်​စည်​ပင်​ရုံး​ရှေ့ ဗုံးပေါက်ခဲ့ပြီး အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

သြဂုတ် ၂၈-၂၀၂၁
KK(VOM)
 
တာချီလိတ်​မြို့နယ်မှာ မနေ့ည ၁၀ နာရီခွဲက မြို့နယ်စည်​ပင်​သာယာ​ရေးဌာနရုံး​ရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် အမျိုးသားတစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
” မနေ့ညပိုင်းက တောင်ကြီးနဲ့တာချီလိတ်ကားလမ်းမပေါ်က မြို့နယ်စည်ပင်သာယာရေးဌာနရှေ့မှာ ဗုံးပေါက်ကွဲခဲ့တာ၊ ဗုံးပေါက်တာက အကျယ်ကြီးပဲ၊ စည်ပင်ရုံးက ခရိုင်ရုံးတွေ ရဲစခန်းတွေနဲ့နီးတယ် အဲ့ဒီနားမှာပေါက်တာ၊ လူထိခိုက်မှုမရှိပေမယ့် စစ်တပ်နဲ့ရဲတွေဟာ နီးစပ်ရာလိုက်လံရှာဖွေပြီး လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့တယ်၊ ဖမ်းခံရတဲ့သူက CCTVမှာ ဗုံးထောင်တဲ့သူနဲ့
ဆိုင်ကယ်ချင်းတူတယ်ဆိုပြီးဖမ်းတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
ဗုံးပေါက်ပြီးနောက် ရန်အောင်​မြေရပ်ကွက်၊ ပေါသျှံ(၁)လမ်းအတွင်း စစ်တပ်နဲ့ရဲတွေက အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
တာချီလိတ်မြို့နယ်ဟာ ညမထွက်ရ အမိန့်ကို ဖေဖော်ဝါရီ ၉ရက်က ထုတ်ပြန်ကြေညာထားပြီး အမိန့်မလိုက်နာလို့ ပုဒ်မ-၁၈၈နဲ့ အရေးယူခံရသူတွေလည်းရှိတယ်လို့ ရပ်မိရပ်ဖတွေဆီက သိရပါတယ်။
 
မနေ့ညက ဗုံးပေါက်ကွဲခဲ့တဲ့ မြို့နယ်စည်ပင်သာယာရေးဌာနဟာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ကညနရုံး၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ရုံး နဲ့ ယာဉ်ထိန်းရဲရုံးတို့နဲ့ နီးစပ်တဲ့နေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #တာချီလိတ်

Related posts

Leave a Comment

VOM News

FREE
VIEW