ပြည်မြို့မှာ လုယက်မှုတွေ ပိုများလာ

သြဂုတ် ၂၉-၂၀၂၁
CKC(VOM)
 
ပြည်မြိုမှာ ဆိုင်ကယ်တစ်စီးကို လူတစ်ယောက်သာစီးနင်းခွင့်ပြုကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်းကတည်းက ဆိုင်ကယ်စီးသူတွေအပေါ် လုယက်ခံရမှုတွေ ပိုပြီးအဖြစ်များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
လုယက်ခံရသူအများစုမှာ အမျိုးသမီးတွေကပိုများကြောင်း ၊ လုယက်ခံရစဉ်ပစ္စည်းကိုအလွယ်တကူမပေးပါက လူကိုအန္တရာယ်ပြုတဲ့အထိ အကြမ်းဖက်တာတွေကို လုပ်ဆောင်မှူရှိတယ်လို့ သိရပါတယ်။
 
” မနေ့ကပေါ့ ကောင်မလေးနှစ်ယောက် ဆိုင်ကယ်စီးနေတာကို ဆိုင်ကယ်နဲ့ကောင်လေး၂ယောက်ကပဲ ဆွဲကြိုးဖြတ်လုသွားတာ ။ ပြီးခဲ့တဲ့ရက်ကလည်း လမ်းဘေးဆိုင်ကယ်ရပ်နေတဲ့ ကောင်မလေးတွေကို ဓားနဲ့ထောက်ပြီးလုတာ ပတ်ဝန်းကျင်ကသိလို့ အော်လိုက်တော့ ထွက်ပြေးသွားတယ်။ ” လို့ ပြည်မြို့မစျေးကြီးက စျေးရောင်းချနေသူတစ်ဦးကပြောပါတယ်။
 
အလားတူ ပြည်မြို့ပေါ်အပြင် ပြည် – ပေါက်ခေါင်းလမ်းမ တလျှောက်မှာလည်း ဆိုင်ကယ်စီးအမျိုးသမီးတွေကို လိုက်လံနှောင့်ယှက်ပြီး ဆိုင်ကယ် ၊ ဖုန်း နဲ့ ပိုက်ဆံ လုယူတဲ့အပြင် လူကိုပါအန္တရာယ်ပြုတာတွေ အထိရှိနေတယ်လို့သိရပါတယ်။
 
” ကောင်မလေးက ဆိုင်ကယ်လဲသွားတယ်။ အဲ့ဒီအချိန် ကောင်လေးက အဲ့ဒီအမျိုးသမီးကို ရိုက်နေတာ ၊ တခုခုလုနေတာလည်းတွေ့တယ် ။ ဒါပေမယ့် သမီးရည်းစားလား ၊ လင်မယားလား မသိတော့ ကျနော်တို့လည်းဖြစ်နေချိန်မကူနိုင်ခဲ့ဘူး ။ ပြီးမှသိရတာ လုခံရတယ်ဆိုတာပဲ ။အဲ့ဒီကောင်က ဓားနဲ့ ရန်ပြုသွားတယ်။ ရွာနားဆိုတော့ လူလည်းအုံလာရော မောင်းပြေးသွားတယ်။ အရင်တခါကလည်း ကောင်မလေးတယောက်ဆိုင်ကယ်လုခံရတယ် ” လို့ ပြည်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ် ။
 
ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြည်မြို့နယ်မှာ နေ့လယ် ၁၂ နောက်ပိုင်းအပြင်မထွက်ဖို့ ၊ ဆိုင်ကယ်ကိုတစ်ယောက်သာစီးဖို့ ပြောဆိုပြိးနောက်ပိုင်း လုယက်မှုတွေက ခပ်စိပ်စိပ်ဖြစ်လာတာဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်စီးခွင့် ပြန်လည်ခွင့်ပြုလိုက်သလို နေ့လယ် ၁၂နာရီနောက်ပိုင်းလည်း ပြန်လည်ထွက်ခွင့်ပြုလိုက်ပေမယ့် လုယက်မှုတွေက ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ နေအိမ်ပြင်ပကိုထွက်တဲ့အခါ ဆိုင်ကယ်အတူစီးအဖော်ပါပေမယ့်လည်း နေ့လယ်ခင်းအချိန် ၊ ညနေစောင်းအချိန်တွေမှာ အထူးသတိထားနေရတယ်လို့ ဒေသခံတွေကပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #ပြည် #လုယက်မှုပိုများလာ

Related posts

Leave a Comment

VOM News

FREE
VIEW