ရှင်ဗွေယန်နယ်မှာ ကျွဲသေဆုံးမှုတွေ မြင့်တက်နေပေမယ့် ကာကွယ်၊ကုသရေးလုပ်ငန်းတွေ မလုပ်နိုင်သေး

သြဂုတ် ၊ ၃၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ် ၊ ရှင်ဗွေယန်မြို့နယ်ခွဲ တခက်ကျေးရွာဘက်မှာ လယ်ယာလုပ်ငန်းသုံးကျွဲတွေ ရုတ်တရက်သေဆုံးမှု မြင့်တက်လာနေပြီး နောက်ထပ် ကျွဲတွေ မသေအောင် ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေ ဒီကနေ့အထိ လုပ်ဆောင်ပေးတာ မရှိသေးဘူးလို့ တခက်ကျေးရွာ တောင်သူတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
 
လယ်ယာလုပ်ငန်းသုံး ခိုင်းကျွဲတွေ ရုတ်တရက် သေဆုံးနေတာနဲ့ ပတ်သက်ပြီး တခက်ကျေးရွာ တောင်သူ တစ်ယောက်က” ကျွဲတွေ နွားတွေမှာဖြစ်တတ်တဲ့ ရာသီပေါ် ရောဂါလက္ခဏာမျိုးနဲ့ သေဆုံးတာ မဟုတ်ဘူး ၊ ရုတ်တရက်ကြီးဖြစ်ပြီး သေဆုံးတာဆိုတော့ ဘာရောဂါဖြစ်မှန်း မသိရဘူး ” လို့ပြောပါတယ်။
 
ဩဂုတ်လ ၂၅ ရက်ကစပြီး အဲ့ဒီလို ကျွဲသေဆုံမှုဟာ မနေ့ သြဂုတ် ၃၀ အထိ ကျွဲ ၈ ကောင်သေဆုံးသွားပြီးဖြစ်ပါတယ်။
 
အဲ့ဒီ အရေအတွက်ဟာ တခက်ကျေးရွာ ၁ ခုထဲရဲ့ အရေအတွက်ဖြစ်ပြီး အလားတူ ကျွဲသေဆုံးမှုတွေက ကျန်တဲ့ တခြားရွာတွေဘက်မှာလည်း ရှိနေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ် ။
 
” ၁ ကောင်တလေ သေတာဆိုရင် အကြောင်းမဆန်းပေမယ့် သေဆုံးအကောင်ရေ များလာတာကြောင့် မြို့နယ်ထွေ/အုပ်ရုံးကို အရေးတကြီး တင်ပြထားတယ် ၊ ဒီကနေ့အထိတော့ ဘာမှ ထူးခြားလာတာ တုန့်ပြန်လာတာ မရှိသေးဘူး ၊ တိ/မွေးကု တာဝန်ရှိသူတွေအနေနဲ့ ကျွဲသေဆုံမှုတွေ ဆက်ပြီးတိုးမလာအောင် ကာကွယ်ပေးတာနဲ့ ကုသပေးတာတွေ လာရောက်ကွင်းဆင်းပြီး လုပ်ပေးစေချင်တယ် ” လို့ တခက်ကျေးရွာခံ တောင်သူတစ်ယောက်က ပြောပါတယ် ။
 
အဲ့ဒီလို တောင်သူလုပ်ငန်းသုံး ကျွဲတွေသေဆုံးနေတယ်လို့ ဒေသခံတောင်သူတွေရဲ့ ဆက်သွယ်ပြောကြားနေတဲ့အတွက် ကာကွယ်ရေးနဲ့ ကုသရေး အခြေအနေတွေကို သိလိုတာကြောင့် ပြည်နယ်တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကို VOM က ဆက်သွယ်ခဲ့ပေမယ့် ရုံးပိတ်ရက်ရှည်ကာလဖြစ်နေတာကြောင့် တာဝန်ခံဖြေဆို ပြောကြားပေးမယ့်သူ မရှိဘူးလို့ အဲ့ဒီရုံးက တုန့်ပြန်ပြောကြားခဲ့ပါတယ်။
 
Photo-နေထိုက်
#voiceofmyanmar #VOM #တနိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW