တန့်ဆည်မြို့နယ် ကျေးရွာ(၂)ရွာက ရွာသား(၁၂)ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၁-၂၀၂၁
KK(VOM)
 
တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာက ရွာသား၁၂ဦးကို မနေ့ဩဂုတ်လ ၃၁ရက် ညနေပိုင်းက စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒေသခံတစ်ဦးက ” ကပေါင်းကျကျေးရွာကို မနေ့နေ့လယ် ၂နာရီခွဲက စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး သတင်းပေးချက်အရ ဒီရွာမှာ pdfတွေရှိတယ်၊ လက်နက်တွေရှိတယ်ဆိုပြီးဝင်ရှာတာ၊ နောက်တော့ ဖမ်းသွားတယ် ကျနော့ရွာမှာ ဖမ်းသွားတာ(၄)ဦးပဲ၊ ကျန်တာက ဟိုဘက်ရွာက”လို့ သူကရှင်းပြပါတယ်။
 
စစ်တပ်နဲ့ရဲတွေဟာ အင်အားအများအပြားနဲ့ရောက်ရှိလာပြီး ကာလိပ်ခြံရွာ၊ ကပေါင်းကျရွာနဲ့ နွားကူးကျေးရွာတွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာလို့ သူကပြောပါတယ်။
 
နွားကူးကျေးရွာနေသူတစ်ဦးကလည်း “သူတို့က
ညနပိုင်းအချိန်မှာ နွားကူးကျေးရွာကို ထပ်မံဝင်ရောက်တယ်၊ အမျိုးသား(၈)ဦးကိုလည်း စစ်တပ်ကထပ်မံဖမ်းဆီးခဲ့တယ်”လို့ ပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ ကပေါင်းကျကျေးရွာနဲ့နွားကူးကျေးရွာက ကိုကျော်ထွန်း၊ ဦးသန်းလင်း၊ ကိုပြည့်ဖြိုးအောင်၊ ကိုနိုင်လင်း၊ ကိုနိုင်ဝင်း၊ ကိုဝင်းအေး၊ ကိုနေဦး၊ ကိုမျိုးဝင်း၊ ကိုဝင်းဇော်၊ ကိုချိုလင်း၊ ကိုကျော်လင်းနဲ့ကိုထိုက်ဦးတို့ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
လက်တလောမှာ ဖမ်းဆီးခံရသူတွေကို တန့်ဆည်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီး မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #တန့်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW