ပြည်မြို့နယ်ထဲက တောင်သူတွေ စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရ

ပြည် ၊ စက်တင်ဘာ ၁-၂၀၂၁
CKC(VOM)
 
ကိုဗစ်ရောဂါ နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိတဲ့အတွက် အစိုးရကနေ ထုတ်ချေးပေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို ပြည်မြို့နယ်ထဲက တောင်သူအများစု ပြန်မဆပ်နိုင်တဲ့ အခြေအနေဖြစ်နေကြတယ်လို့ တောင်သူတွေကပြောပါတယ်။
ဒါကြောင့် စိုက်ပျိုးစရိတ်ချေးငွေတွေကို ဒီနှစ်မှာ ပြန်ဆပ်ရမယ့်အစား လာမယ့်နှစ် ၂၀၂၂ ခုနှစ်ရောက်မှသာ ပြန်လည်ပေးဆပ်ခွင့်ပြုပေးစေလိုကြောင်း တောင်သူတွေက ပြောပါတယ်။
 
” လယ်စရိတ်လည်း အကြွေးနဲ့လုပ်ရတာ။ ကျနော်တို့ လယ်သမားတွေ အခုထိတောင် မြေသြဇာမပက်နိုင်သေးပါဘူး။ မိုးကလည်းခေါင်။ အခုနှစ် အရင်းရှုံးမယ့်သဘော ။ အပြင်ဝင်ငွေရအလုပ်ကလည်း ဘာမှလုပ်လို့မရဘူး ဘာဝင်ငွေမှမရှိဘူး ။ ဒီတော့ ကျနော်တို့ ဘယ်ကပိုက်ဆံနဲ့ စိုက်ဘဏ်ကို ပြန်ဆပ်ရမလဲ ၊ဆပ်နိုင်မလဲဗျာ ။ မဖြစ်မနေဆပ်ဆိုရင်ကို ဆပ်စရာမရှိတာပါ။ အရင်နှစ်လို ဘဏ်ထုတ်ချေးလည်း ချေးသူမရှိဘူး။တစ်ရွာလုံးကို မဆပ်နိုင်သေးတာပါ ၊ ရွာကိုလည်း သူတို့အစည်းအဝေးလာလုပ်တယ်။အဲ့ဒီအချိန်မှာလည်း မဆပ်နိုင်ကြောင်း အားလုံးကပြောပြကြတယ် ။ကျနော်ဆို သိန်း ၂၀ ကျော်ဆပ်ရမယ် ။ အခုတောင်ငတ်နေတယ် “လို့ ပြည်မြို့နယ် ၊ တောင်သူတစ်ဦးက သူတို့အခက်အခဲကိုပြောပြပါတယ်။
 
ပြီးခဲ့တဲ့ နှစ်က စိုက်ပျိုးရေးဘဏ်ကနေ လယ်တစ်ဧကကို တစ်သိန်းခွဲကျပ် နဲ့ ကိုဗစ်ထပ်ဆောင်းချေးငွေ ငါးသောင်းကျပ်၊ စုစုပေါင်း နှစ်သိန်း ကျပ် ထုတ်ချေးပေးခဲ့တာကြောင့် လယ်သမားတစ်ဦးကို ၂၀၀၀၀၀ ကျပ်ကနေ ငွေကျပ် သိန်း ၄၀ အထက်ထိ ထုတ်ချေးပေးထားမှုရှိတယ်လို့ သိရပါတယ်။
 
ပြည်ခရိုင် စိုက်ပျိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်ညိုညိုစိန်ကတော့ “အမတို့က စာချုပ်တွေစနစ်တွေနဲ့သွားတော့ အခုနှစ် မဆပ်နိုင်လို့ နောက်နှစ်မှ ဆပ်မယ်ဆိုတာမျိုးလုပ်မရဘူးပေါ့။ မနှစ်ကချေးထားတာကို အခုနှစ်ဆပ်ရမှာဖြစ်တယ်။ ဆပ်ပြီးသူတွေကိုလည်း ပြန်ထုတ်ချေးပေးနေပါတယ်။ ကိုဗစ်စည်းကမ်းနဲ့အညီပေါ့ ၊ အခုဆို ဆပ်ရမယ့်ကာလကိုကျော်နေပြီ ။ ဒါပေမဲ့လည်းအမတို့ ဒဏ်တိုးနဲ့ဆပ်ခွင့်ပြုထားပါတယ် ” လို့ပြောပြပါတယ်။
 
စိုက်ပျိုးရေးစရိတ်ချေးငွေတွေ ပြန်ဆပ်ရမယ့်ကာလမှာ ပြီးခဲ့တဲ့ ဧပြီလထဲက နောက်ဆုံးဖြစ်ပေမယ့် ဇူလိူင်လကုန်အထိ ကာလထပ်တိုးပေးခဲ့ကြောင်း၊ လက်ရှိက သတ်မှတ်ကာလကို ကျော်လွန်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ပြည်ခရိုင်မှာ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခဲ့တဲ့ စပါးစိုက်ဧက ၅၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပြည် #တောင်သူ #ချေးငွေ #ပြန်မဆပ်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW