စာရေးဆရာ ဒါရိုက်တာမောင်မိုးသူ ကွယ်လွန်

စက်တင်ဘာ ၂-၂၀၂၁
အေးချမ်းသူ(VOM)
 
ဘကြီးမိုးလို့ အများက ချစ်ခင်လေးစားမှုနဲ့ခေါ်ကြတဲ့ စာရေးဆရာ၊ပန်းချီဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူဟာ မနေ့ စက်တင်ဘာ ၁ရက်နေ့ ညနေ ၆နာရီ၅၁မိနစ်က ကွယ်လွန်သွားခဲ့ပါတယ်။
 
ကွယ်လွန်သူမောင်မိုးသူကို အဖ သခင်ဗတုတ်၊ အမိ ဒေါ်မြမေတို့မှ ၁၉၃၇ ခုနှစ်၊ မေလ ၁၇ ရက်၊ တနင်္လာနေ့က မန္တလေးမြို့မှာ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်စိန်မြင့်ဖြစ်ကာ မွေးချင်းနှစ်ယောက်ရှိပါတယ်။
 
မန္တလေးမြို့၊ စိန်တောင်မြန်မာ ဘုန်းတော်ကြီး ကျောင်းနဲ့စိန့်ပီတာကျောင်း(ယခု အ.ထ.က (၉ ))တို့မှာ ပညာသင်ကြားခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ကာ မန္တလေးတက္ကသိုလ်မှာ ၁၉၅၆ ကနေ ၁၉၅၈ ခုနှစ်ထိ ပညာသင်ကြားခဲ့ပါတယ်။
 
၁၉၅၃ ခုနှစ်မှ စတင်ကာ ကဗျာများ ရေးခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ ဆောင်းပါး၊ဝတ္ထုတွေ ရေးခဲ့ပါတယ်။
 
ထင်ရှားတဲ့ဝတ္တုတွေကတော့ ည (၁၉၆၁)၊ မေမေကြည် (၁၉၆၂)၊ ရန်ကုန်သားနှင့် မန္တလေးသူ (၁၉၆၆)၊ မိုးမိတောက်နဲ့ပန်တော်အမီ (၁၉၆၇) စတဲ့မြန်မာဝတ္ထုတွေပဲဖြစ်ပါတယ်။
 
မိုးဦးပန်း စာပေတိုက်ကို တည်ထောင်ကာ စာရေးဆရာများဖြစ်တဲ့ ရွှေဥဒေါင်း၊ ဇေယျ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ တက်တိုး၊ ဒဂုန်တာရာ၊ တက္ကသိုလ် ဘုန်းနိုင်၊ သိန်းသန်းထွန်း၊ ထွန်းထွန်း (ဆေးသိပ္ပံ) တို့ရဲ့ ဝတ္ထုများ၊ ကဗျာ စာအုပ်များ၊ ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့ပါတယ်။
 
ဆရာမောင်မိုးသူဟာ၁၉၆၅ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်ထိ ဘာသာပြန်ဝတ္ထုများအဖြစ် စိတ္တဇ ၊အိပ်မက်ကုန်သည် ၊ သေနေ့ ၊ ကြေးစား ၊ အိပ်ဇိုးဒပ် ၊ ကျားကုတ်ကျားခဲ ၊ သဲကြီးမဲကြီး ၊ သူနိုင်ကိုယ်နိုင် ၊ အချစ်ပုံပြင်၊ သက်စွန့်ဆံဖျား ၊ စိန်ပီတာဘက်မှလူ ၊ မာဖီးယားနှင့် ပေါ်ပီပန်း ၊ ဂျိန်းစဘွန်း၏ အထူးတာဝန် ၊ အိပ်ဇိုးဆေး ၊ အတိတ်တစ္ဆေ ၊ လင်းယုန်တို့ အောင်ပွဲ ၊ ရိုလာကိုစတာ ခုမကြည့်နဲ့ဦး ၊ ငြိုးသူ့ရန်ဘက် ၊ပစ်မသွားနဲ့ အချစ်ရယ် ၊ အထွတ်အထိပ် ၊တို့ကို မိုးဦးပန်းစာပေကနေ ရေးသားထုတ်ဝေခဲ့ပါတယ်။
 
စာအုပ်စာပေများရေးသားရင်း တစ်ဖက်မှလည်း မြန်မာစာတည်း၊မန်းခေတ် သတင်းစာ၊ ခေတ်ဂျာနယ်၊ ဓန မဂ္ဂဇင်း၊ ကုမုဒြာ ဂျာနယ်၊ Perfect မဂ္ဂဇင်း တို့မှာ ဒယ်ဒီတာအဖြစ် မန်းတက္ကသိုလ် ကလောင်ရှင် အသင်း အမှုဆောင်၊ အထက် မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်၊ မန္တလေးအသင်း အမှုဆောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီ ဗဟိုအမှုဆောင်အဖြစ် တာဝန်ယူ
ဆောင်ရွက်ခဲ့ပါတယ်။
 
မောင်မိုးသူဟာ ဇာတ်ညွန်းရေးဆရာတစ်ဦးဖြစ်သလို ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။
ရေပွက်ပမာ၊ ရန်ကုန်သားနှင့် မန္တလေးသူ၊ အချစ်ဆုံးမုန်းသူ၊ မုန်းရစ်လေဦး ၊ ချစ်လိုက်တာ မသည်းအူရယ်စတဲ့ဇာတ်ကားတွေမှာ ဇာတ်ညွှန်းရေးသားခဲ့ပါတယ်။
 
ရုပ်ရှင်ဒါရိုက်တာအနေနဲ့ “ကျနော့်နာမည် ကျော်ကျော် ၊မှုန်နံ့သာခြယ်ကာသပါလို့၊ သက်ထားဆိုသော မိန်းမချော ၊ ဆောင်းမှာတွေ့သော မိန်းကလေး ၊ တယ်တညင် ၊ မမလေး ပန်စရာ ၊ ချစ်လှိုင်းဂယက် ၊ တကယ် ချစ်ရဲ့လား ၊ ကျမမှာ ချစ်သူရှိတယ်၊ လွှတ်လပ်မှ အမျှဝေပါ “အစရှိတဲ့ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့ပါတယ်။
 
ဗီဒီယို ခေတ်ဦးမှာလည်း”ရှက်လည်း ရှက်တယ်၊ ချစ်လည်း ချစ်တယ် နဲ့ချစ်မိခဲ့ပြီ ဗီဒီယိုကားတွေကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါသေးတယ်။
 
ရုပ်ရှင်ဒါရိုက်တာ ၊စာရေးဆရာအပြင် ဆရာမောင်မိုးသူဟာ ပန်းချီမှာလည်း ထူးချွန်သူဖြစ်ပါတယ်။
 
၂ဝဝ၅ ခုနှစ်၊ ဒီဇင်ဘာမှာ ရန်ကုန်မြို့ AZADA ပြခန်းမှာ Emotion တကိုယ်တော် ပန်းချီပြပွဲနဲ့၂ဝဝ၆၊ ခုနှစ် ဒီဇင်ဘာမှာ မန္တလေးမြို့၊ ပံသုစန္ဒာ ပန်းချီ ပြခန်းတွင် Emotion တကိုယ်တော် ပန်းချီပြပွဲ ခင်းကျင်း ပြသခဲ့ပါတယ်။
 
နိူင်ငံရေးအနေနဲ့ ဆရာမောင်မိုးသူဟာ၁၉၅၈ ခုနှစ်ကစတင်လုပ်ဆောင်ခဲ့ပြီး ယင်းနှစ်မှာပင် အိမ်စောင့်အစိုးရ ရဲ့ထိန်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။
 
၁၉၈၈ ခုနှစ် မြန်မာ့ပြည်သူတရပ်လုံးပါဝင်သော လူထုအုံကြွမူကြီး (၈၈၈၈)တွင် စာရေးဆရာများသမဂ္ဂများအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူခဲ့ပါတယ်။
 
ဆရာမောင်မိုးသူဟာ.၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်သုံးနှစ်ကျခဲ့ပါတယ်။၁၉၉၆ ခုနှစ်မှာတော့ နောက်တကြိမ် ပြန်လည်ဖမ်းခံခဲ့ရပြီး ၂၀၀၀ ခုနှစ်မှာ ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။
 
ဆရာမောင်မိုးသူဟာ ၁၉၆၀ ခုနှစ်မှာ ဒေါ်အမာကြည်(မအမာ) နှင့် အိမ်ထောင်ကျခဲ့ပြီး မောင်ထွန်းမြတ်ဦး၊မအေးသီတာ၊ မောင်ညီညီမိုးသူ တို့ကိုမွေးဖွားခဲ့ပါတယ်။
 
ဆရာမောင်မိုးသူရဲ့ဇနီးဖြစ်သူ ဒေါ်အမာကြည်ဟာ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့ပြီး ဇနီးကွယ်လွန်ချိန်မှာ ထောင်ကမလွတ်သေးတာကြောင့် အသုဘကို ထောင်ကနေခေတ္တလာရောက်ကြည့်ရှုခွင့်သာရရှိခဲ့ပါတယ်။
 
စာရေးဆရာ၊ပန်းချီဆရာ ရုပ်ရှင်ဒါရိုက်တာဆရာ မောင်မိုးသူဟာ ကွယ်လွန်ချိန်မှာ အသက်၈၄နှစ်ရှိပြီး သားနှစ်ယောက် သမီးတစ်ယောက်ကျန်ရစ်ခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ဒါရိုက်တာမောင်မိုးသူ #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW