မောင်တောမြို့နယ်မှာ အမည်မသိလူတစ်စုက ပစ်ခတ်လို့ ရွာတာဝန်ခံတစ်ဦး သေပြီး နှစ်ဦးဒဏ်ရာရ

မောင်တော၊ စက်တင်ဘာ ၂- ၂၀၂၁
HAS (VOM)
 
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင်မူဆလင်ကျေးရွာမှာ မနေ့ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းက အမည်မသိ လူတစ်စုက ပစ်ခတ်သွားလို့ ကျေးရွာအုပ်ချုပ်ရေး အထောက်အကူပြု ရပ်မိရပ်ဖတစ်ဦးသေဆုံးသွားပြီး နှစ်ဦးဒဏ်ရာ ရရှိသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဆီကနေ သိရပါတယ်။
 
ပန်းတောပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး အာယာတူလာက “ ပန်းတောပြင်မှာဆိုရင် သူက ရပ်ရွာအုပ်ချုပ်ရေးအထောက်အကူပြု ပုဂ္ဂိုလ်တစ်ယောက်ပါ။ မနေ့က ည ၁၂ နာရီကျော်လောက်မှာ ဖြစ်တာ။ သူ့ကို အတင်းအဓမ္မဆွဲခေါ်သွားဖို့ လုပ်တယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြတ်ကြတော့ ပစ်သတ်ပြီး ထွက်ပြေးသွားကြတယ်။ သေသွားတဲ့ သူမှာတော့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတစ်ချက် ရတာတွေ့တယ်။ ပြီးတော့ သူ့မှာ ညီတစ်ယောက်နဲ့ တပည့်တစ်ယောက်မှာ ဒဏ်ရာတွေ ရသွားတယ်။ အခင်းဖြစ်တာက သူတို့အိမ်ခြံဝင်းထဲမှာ ဖြစ်ကြတာ။ အခုတော့ မောင်တောဆေးရုံကို ရောက်သွားပါပြီ။” လို့ ဆိုပါတယ်။
 
သေဆုံးသွားသူဟာ အသက် (၄၅) နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးအထောက်အကူပြုအဖွဲ့ဝင် မူဟီးဘူရာမန် (ခ) ဦးတင်ဖေဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ မူဟီးဘူရာမန် (ခ) ဦးတင်ဖေ ရဲ့ ညီဖြစ်သူ အဒူမူလာ အသက် (၂၈) နှစ် ဦးခေါင်းကွဲဒဏ်ရာ၊ ဘယ်လက်မောင်း ဓားဒဏ်ရာ၊ ခြေထောက် ဓားဒဏ်ရာနဲ့ တပည့်ဖြစ်သူ ချာဘု အသက် (၂၅) နှစ်မှာ ဦးခေါင်းကွဲဒဏ်ရာတို့ ရရှိသွားတယ်လို့ သိရပါတယ်။
 
လက်နက်ကိုင်ဆောင်လာသူ (၆) ဦးပါ လူအုပ်စုက ပန်းတောပြင်ကျေးရွာကိုဝင်လာပြီး သေဆုံးသွားတဲ့ ရပ်မိရပ်ဖ မူဟီးဘူရာမန် (ခ) ဦးတင်ဖေ ကို ဖမ်းဆီးဖို့ ကြိုးစားရာကနေ အခုလို သေဆုံး ဒဏ်ရာရမှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
ပန်းတောပြင်ကျေးရွာကို လက်နက်တွေကိုင်ဆောင်ပြီး ဝင်လာတဲ့သူတွေဟာ မူဆလင်စကားပြောကြကြောင်းနဲ့ ဘယ်အဖွဲ့ကဆိုတာကိုတော့ အတိအကျမသိဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရဖွယ်မရှိပေမယ့် ဒဏ်ရာပြန်ထန်တဲ့အတွက် မောင်တောခရိုင်ဆေးရုံသို့ပို့ဆောင်ထားပြီး ဆေးကုသမှုတွေ ခံယူနေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ လပိုင်းကလည်း အမည်မသိလက်နက်ကိုင်လူတစ်စုက မနေ့က အခင်းဖြစ်ပွားတဲ့ ပန်တောပြင်ရွာရဲ့ ဘေးပတ်ဝန်းကျင် ပတင်းကျေးရွာ အုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဘီကို ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ သတင်းအစနမရသေးဘဲ စုံစမ်းလျှက်ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မောင်တော

Related posts

Leave a Comment

VOM News

FREE
VIEW