လာအိုနိုင်ငံကနေ ၉ ကြိမ်မြောက် လွှဲပေးတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား၅၀၀ ကျော်ရောက်ရှိ

စက်တင်ဘာ ၂၊ ၂၀၂၁
Shy V(VOM)
 
လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံ အထူးစီးပွားရေးဇုံတွင် သွားရောက် အလုပ်လုပ်ပြီး အခက်အခဲ အမျိုးမျိုးကြောင့် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၅၀၀ ကျော်ကို စက်တင်ဘာလ ၁ ရက်နေ့က ၉ ကြိမ်မြောက် ပြန်လည်လွှဲပြောင်း လက်ခံ ကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။
 
“ဒီနေ့ ပြန်လာတာ ၅၀၀ ကျော်တယ်။ အလုပ်လုပ်ဖို့ ဆင်မပြေ လို့ ပြန်လာတာ” လို့ ပြန်လာသူ ကိုလတ်က ပြောပါတယ်။
 
လာအိုဘက်က မြန်မာပြည်တော်ပြန် အမျိုးသား ၃၂၀၊ အမျိုးသမီး ၂၂၈၊ စုစုပေါင်း ၅၄၈ ဦးရှိကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ စာရင်း အချက်အလက်တွေအရ သိရပါတယ်။
 
လာအိုဘက်က သက်ဆိုင်ရာ တာဝန်ရှိသူများက လာအိုနိုင်ငံ မိုင်းမော့ ဆိပ်ကမ်းကနေ တာချီလိတ်မြို့၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းသို့ လွှဲပြောင်း ပို့ဆောင်ခဲ့ပြီး မြန်မာဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ လက်ခံခဲ့ကြောင်း သူတို့ဆီက သိရပါတယ်။
 
“ခုမှ ဆေးစစ်မှာ။ ကျွန်တော် ဆေး မစစ်ရသေးဘူး” လို့ ဆေးစစ်ရန် စောင့်ဆိုင်း‌ နေတဲ့ ပြည်‌တော်ပြန် တစ် ဦးက အားလုံး ဆေးစစ်ပြီး ပိုးမတွေ့မှ ပြန်ခွင့်ပြုကြောင်း ပြောပါတယ်။
 
ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၄၈ ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ RDT-Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၅ ဦး၊စုစုပေါင်း ၁၂ တို့မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့လို့ ပိုးတွေ့ရှိသူတွေကို ဝမ်လုံး Positive Center သို့ ပို့ဆောင်ကာ ကုသမှုခံယူနေတယ်လို့ လက်ခံ သူတွေထံက သိရပါတယ်။
 
ပိုးမတွေ့ရှိတဲ့ အမျိုးသား ၃၁၃ ဦး၊ အမျိုးသမီး ၂၂၃ ဦး၊ စုစုပေါင်း ၅၃၆ ဦးတို့အား ဝမ်လုံး Quarantine Centerတွင် ၂ ရက်ထားရှိပြီး ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ထပ်မံစစ်ဆေးကာ ပိုးမတွေ့ရှိသူတွေကို နေရပ် အသီးသီးသို့ ပြန်လည်ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။
 
Photo Crd# ကိုလတ်
 
#voiceofmyanmar #vom #လာအို #မြန်မာအလုပ်သမား

Related posts

Leave a Comment

VOM News

FREE
VIEW