ရန်ကုန်မှာ အလွတ်တန်းသတင်းထောက် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၅-၂၀၂၁
KK(VOM)
 
MPAသတင်းဌာနနဲ့ အခြားသတင်းဌာနတွေမှာ အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေတဲ့ မသူဇာကို စစ်တပ်ကနေ ဖမ်းဆီးလိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
 
မသူဇာကို စက်တင်ဘာ ၁ရက်နေ့မှာ ဖုန်းအဆက်အသွယ်ရခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ််တယ်လို့ ခင်ပွန်းဖြစ်သူကိုရဲကိုက VOMကို ပြောပါတယ်။
 
“၁ရက်နေ့က ဖုန်းပြောသေးတယ် ည၁၀ နာရီလောက်မှာ ပြီးတော့သူအပြင်သွားမယ်ဆိုပြီး ဖုန်းချသွားတယ်၊ သမီးက မေကြီးကို ခေါ်ချင်တယ်ဆိုလို့ ဖုန်းခေါ်တာ စက်ပိတ်သွားတယ်၊ အဲ့ဒီနေ့ကတည်းက အခုချိန်ထိပဲ”လို့ ကိုရဲကိုက ဆက်လက်ပြောဆိုပါတယ်။
 
စစ်တပ်နဲ့ရဲတွေဟာ မတ်လအတွင်းက မသူဇာကို အင်အားအလုံးအရင်းနဲ့ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် မသူဇာကို မတွေ့တာကြောင့် ခင်ပွန်းဖြစ်သူကိုဖမ်းဆီးသွားပြီး ၅ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
 
လက်တလောမှာ မသူဇာဖမ်းဆီးခံရတဲ့ကိစွနဲ့ပတ်သက်ပြီး ရှေနေနဲ့တိုင်ပင်ဆောင်ရွက်နေပေမယ့်လည်း အဆင်ပြေမှုမရှိသေးဘူးလို့ ကိုရဲကိုက ပြောပါတယ်။
 
“လက်တလောမှာ သူကိစွကလိုက်ဖို့ခက်ခဲတယ်၊ စစ်ကြောရေးပါသွားရင်တောင် စစ်ကြောရေးကစစ်ပြီးမှ ရဲစခန်းပို့တာ၊ အဲ့ဒီကျမှ ရဲစခန်းက ပြန်အကြောင်းကြားတာ အဲ့ဒီအချိန်ကိုစောင့်ရမှာ”လို့ ကိုရဲကိုကရှင်းပြပါတယ်။
 
မသူဇာဟာ မော်ဒန်ဂျာနယ်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာနစတဲ့သတင်းဌာနတွေမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဝါရင့်သတင်းထောက်တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလကစတင်ကာ MPA သတင်းဌာနနဲ့အခြားသတင်းဌာနတွေကို အလွတ်တန်းအနေနဲ့ သတင်းများပေးပို့နေသူတစ်ဦးလည်းဖြစ်တယ်လို့ ကိုရဲကိုကပြောပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ် ၁၅ရက်ကလည်း ဗဟန်းမြို့နယ်၊ ကိုယ်မင်းကိုယ်ချင်းရပ်ကွက်၊ ရွှေဂုံရိပ်မွန်အိမ်ယာမှာ VOAသတင်းဌာနနဲ့Forntier Myanmarမှာဆောင်းပါးများရေးနေတဲ့ သတင်းစာဆရာစည်သူအောင်မြင်နဲ့BBCသတင်းထောက် မထက်ထက်ခိုင်တို့ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတာပဲဖြစ်ပါတယ်။
 
Photo- မသူဇာ(FB)
#voiceofmyanmar #VOM #ရန်ကုန် #အလွတ်တန်းသတင်းထောက် #မသူဇာ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW