ဒီးမော့ဆိုရဲစခန်းကို ကရင်နီတပ် နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် သိမ်းနိုင်ခဲ့ခြင်းမရှိသေးဘူးလို့ သိရ

စက်တင်ဘာ ၈-၂၀၂၁
CKC(VOM)
 
ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို မနေ့ စက်တင်ဘာ ၇ရက်နေ့ညပိုင်းက ကရင်နီတပ်မတော်၊ KNDF နဲ့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
” ဟုတ်ပါတယ်။စခန်းကိုတော့ မသိမ်းနိုင်သေးဘူးလို့သိရပါတယ်၊ အသေးစိတ်ကို Kndf page ရဲ့ကြေညာချက်ကို စောင့်ကြည့်ပေးပါ၊ အခုတော့ငြိမ်နေပါတယ်။ ” လို့ တိုက်ပွဲအခြေအနေအပေါ်မေးမြန်းမှုကို ည ၁၀ နာရီဝန်းကျင်မှာ KNDF ဘက်က ပြောထားပါတယ်။
 
ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ တိုက်ပွဲကပြင်းထန်ခဲ့ပြီး ထိခိုက်ကျဆုံးမှု အခြေအနေတွေကို မသိရသေးဘူးလို့ KNDF ဘက်ကပြောဆိုပြီး ၊ န.စ.က ဘက်ကိုမေးမြန်းရာမှာတော့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။
 
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီးမော့ဆိုရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ” ညက ၆ နာရီခွဲလောက်ကစတယ်။ အကြီးနဲ့ဘေးပတ်လည်ကနေ လာပစ်တယ် ၊ လာချောင်းတာပေါ့။ ပစ်တာကတော့ မီးသတ်ဒေါင့်ကနေ အကြီးနဲ့ ၄ ၊ ၅ ချက်လောက်ဖြစ်တယ်။ ဒီကဝိုင်းပစ်တာ နဲ့ သူတို့ ပြန်ဆုတ်သွားတယ်။ဘုန်းကြီးကျောင်းဘက်က အသေးနဲ့လာပစ်တယ်။အထိအခိုက်တော့ မရှိဘူး။ ” လို့ ပြောတယ်။
 
မနေ့ စက်တင်ဘာ ၇ ရက်နေ့ ၊ နေ့လယ် ၃ နာရီဝန်းကျင်ကလည်း ကယားပြည်နယ် ၊ လွိုင်ကော် နဲ့ ဒီးမော့ဆိုမြို့နယ်အကြား ‌ဒေါပိုးစီကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ညနေပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်၊ ၅ မိုင်နဲ့ ၆ မိုင် အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၄ ဦးသေဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားသလို ဒေသခံတွေဆီကလည်းသိရပါတယ်။
 
ဒေသခံတစ်ဦးက ” ဒေါပိုးစီနား မှာ ပစ်ကြတယ်ပြောတယ်၊ ညနေကတော့ လက်နက်ကြီးသံလား ဗုံးသံလားမသိဘူး ကြားတယ်၊ ငွေတောင်က သူငယ်ချင်းတော့ မိသားစုလိုက် လွိုင်ကော်ပြန်ပြေးလာကြတယ် ၊ ဒီးမော့ဆိုဘက်ဖြစ်တာတော့ ခုမသိရသေးဘူး ” လို့ ပြောပါတယ် ။
 
မနေ့က နေ့လယ်ပိုင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာစစ်သား ၄ ဦးသေဆုံးတာနဲ့ပတ်သက်ပြီး VOMဘက်ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
 
#voiceofmyanmar #VOM #ဒီးမော့ဆို

Related posts

Leave a Comment

VOM News

FREE
VIEW