ဂန့်ဂေါ – ကလေး ကားလမ်းမှာ ပစ်ခတ်မှုတွေရှိနေတာကြောင့် ရာနဲ့ချီတဲ့ ကားတွေပိတ်မိနေ

စက်တင်ဘာ ၁၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဂန့်ဂေါ-ကလေး ကားလမ်းမှာ ပစ်ခတ်မှုတွေရှိနေတာကြောင့် ရာနဲ့ချီတဲ့ကားတွေ ပိတ်မိနေပြီး နီးစပ်ရာကျေးရွာတွေမှာ ဝင်ခိုနားနေကြရတယ်လို့ ဒီကနေ့မနက် မုံရွာကိုလှည့်ပြန်လာတဲ့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ကားမှန်ရင် ဘာကားမှ မရွေးပဲ အကုန်ပစ်တယ် ၊ ပစ်တဲ့နေရာတွေက သုံးလေးနေရာဖြစ်တယ် ၊ ဂန့်ဂေါတံတား အနောက်ဘက်က စိုင်းဒူးရွာနဲ့ ဂန့်ဂေါ-ဟားခါး-ကလေးလမ်းခွဲအကြား သုံးပတ်ကွေ့ အတက်နေရာ၊ တခါ ၊ ဂန့်ဂေါ-ဟားခါး-ကလေးလမ်းခွဲနေရာကနေ ကျွန်းဒက်ရွာအကြား ကျော်ရွာလမ်းခွဲနားမှာလည်း ပစ်တယ် ၊ ကျွန်းဒက်ရွာနဲ့ ထယ်လှော်ရွာမြောက်ဘက် ဝါးရှင်း တောင်အဆင်းနေရာ ကြားမှာလည်း ပစ်တယ် ၊ ကျွန်တော်တို့ ကားသမားတွေဆိုတော့ ပစ်တာပဲသိတယ် ၊ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်နေကြတယ်ဆိုတာ မသိဘူး ၊ ရွှေလွင်ပြင်က ခရီးသည်ကား ၂ စီးတော့ ပစ်ခံထိတယ် ကားပဲထိပြီး လူတော့ မထိဘူး ” လို့ မုံရွာ-ဂန့်ဂေါ-ကလေး ပြေးဆွဲနေတဲ့ ကားသမားတစ်ယောက်က ပြောပါတယ်။
 
အခုလ ၉ ရက်နေ့စပြီး ဂန့်ဂေါ-ကလေးကားလမ်းဝန်းကျင်မှာ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေဟာ ခရီးမဆက်တော့ဘဲ စိုင်ဒူရွာ ၊ ကျွန်းဒက်ရွာ ၊ ထယ်လှော်ရွာ ၊ မွှေ့လယ်ရွာ ၊ မြောက်ခင်ရန်းနဲ့ ဟံသာဝတီရွာတွေမှာ ကားတွေဟာ ဝင်ရောက်ခိုနေကြရပြီး စိုင်ဒူးရွာဝန်းကျင်မှာတော့ ကားတွေဟာ ရာဂဏန်းနီးပါး ဒီကနေ့မနက်အစောပိုင်းမှာ ရှိနေတယ်လို့ ကားသမားတွေရဲ့ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
 
” နီးစပ်တဲ့ရွာတွေမှာပဲ ခိုနေရတယ် ၊ ပစ်ခတ်တာတွေကြောင့် ရှေ့ဆက်မတိုးရဲဘူး ၊ ကားလမ်းဘေးရွာတွေမှာတော့ ကားသမားနဲ့ ခရီးသည်တွေပဲရှိတယ် ၊ ရွာခံတွေကို မမြင်ရဘူး ၊ တောတွေထဲ တိမ်းရှောင်နေကြတာထင်တယ် ” လို့ ကျွန်းဒက်ရွာမှာ ဝင်ခိုနေတဲ့ ကားသမားတစ်​ယောက်က ပြောပါတယ်။
 
ဂန့်ဂေါ-ကလေးကားလမ်း ဂန့်ဂေါမြို့နယ် ဧရိယာထဲမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး ကားတွေခရီးမဆက်နိုင်တာကြောင့် ပိတ်မိနေတယ်ဆိုတာသာ သိရပြီး ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့က ပစ်ခတ်နေကြတယ်ဆိုတာကိုတော့ VOM က အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဂန့်ဂေါ #ပစ်ခတ်မှု #ကားတွေပိတ်မိ

Related posts

Leave a Comment

VOM News

FREE
VIEW