သက်တော်ရှည် အရုဏ်တော်အသင်းများ

ဆူးငှက်

ကောဇာသက္ကရာဇ် ၁၂၄၇ခုနှစ် ပါတော်မူပြီးနောက်၊ သူ့ကျွန်လက်အောက်ရာက်သည့်အချိန်တွင် ကိုယ့်ထီးကိုယ့်နန်းကို သတိရစိမ့်သောငှာ…၊ သို့တည်းမဟုတ် ကိုယ့်အရှင်ကိုယ့်သခင်နှင့် ဤသို့ဤနှယ်
ကြွားကြွားဝံ့ဝံ့ ခမ်းခမ်းနားနားအးချမ်းစွာနထိုင်ခဲ့ကြသည်ကို တစ်နည်းတစ်ဖုံ ဖွင့်လှစ်ပြသခြင်းငှာ…၊ လက်နက်ဖြင့် အုပ်မိုးခြယ်လှယ်သည့် အုပ်ချုပ်သူကို ဆန့်ကျင်သောအားဖြင့်မန်မာရှင်ဘုရင်တို့၏ မင်းခမ်းမင်းနားကြီးများအတိုင်း ခင်းကျင်းအပ်သော အရုဏ်တော်အသင်းကြီးများကို မန္တလေးလေးပြင်လေးရပ်တွင် ဖွဲ့စည်းခဲ့ကြသည်။

၁၂၂၁ ခုနှစ် မင်းတုန်းမင်းကြီး နန်းစိုက်သည့်အချိန်ကစပြီး မန္တလေးမှာ “မင်းခမ်းမင်းနား”များနှင့် တစ်လျှောက်လုံး ရင်းနှီးခဲ့သည်။ အထူးသဖြင့် ဘိသိတ်တော်သွင်း မင်္ဂလာအခါများ၊ ဘာသာရေးအရ ထွက်တော်မူပြီး အခမ်းအနားများ၊ လယ်ထွန်မင်္ဂလာအခမ်းအနားများ၊
သင်္ကြန်တော်ခေါ်ပွဲ၊ညာင်ရေသွန်းပွဲ၊ စာတော်ပြန်ပွဲ၊ရခင်းသဘင်များ၊
သီတင်းကျွတ်လပြည့်မီးထွန်းပွဲ၊ တန်ဆောင်မုန်းလပြည့်ကထိန်တော်ပွဲများ၊ နတ်ပူဇော်ပွဲများ၊ မင်းခင်းသဘင်အခမ်းအနားများတွင် “ရွှေဘုံနိဒါန်း” ကျမ်းပါအတိုင်း မင်းခမ်းမင်းနား အစီအစဉ်များဖြင့် ခင်းကျင်း လှည့်လည်ခဲ့ကြသည်။

ဤသို့သော အခမ်းအနားကြီးများကို ကြည့်မြင်ခဲ့ကြရသည့် ရွှေမြို့တော်သူ၊ ရွှေမြို့တော်သားတိုင်းက ကြက်သီးမွေးညှင်းထမျှ အားရကျေနပ်ပီတိဖြစ်ကြသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်နန်းကိုယ့်ကြငှာန်း၊ ကိုယ့်အရှင်ကိုယ့်သခင်ဟူသော ဇာတိစိတ်များ ဆူဝေစေခဲ့သည်။ ထိုကဲ့သို့သော ဇာတိစိတ်များ ပြန်လည်ပေါ်ထွက်စေရန် အရုဏ်တော်အသင်းကြီးများကို မြို့မိမြိုဖများက ဖွဲ့စည်း ထိန်းသိမ်းခဲ့ကြခြင်းဖြစ်ပါ၏။

အဆိုပါ အရုဏ်တော်အသင်းကြီးများက ဝါတွင်းကာလများ၌ မြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများကို အရုဏ်ဆွမ်းကပ်လှူခြင်း၊ ဝတ်တက်ခြင်း ဗုဒ္ဓပူဇော်ပွဲများ ကျင်းပခင်းပြုလုပ်ရာတွင် မြန်မာမင်းများလက်ထက်ကာလအတိုင်း မင်းခမ်းမင်းနားများ၊ ရှင်ဘုရင်မိဖုရား၊ မှူးကြီးမတ် ရာနှင့်တပ်တော်အခင်းအကျင်းများဖြင့် ကြီးကျယ်စွာ လှည့်လည်ကြသည့် အစဉ်အလာကို ဆောင်ရွက်ခဲ့ကြသည်။

မန္တလေးမှာ ယခင်က အရုဏ်တော်အသင်းကြီးများ ရပ်ကွက်တချို့တွင် ရှိခဲ့ဖူးသည်။ အစောဆုံးအရုဏ်တော်အသင်းကြီးကတော့ မြောက်ပြင်က “မီးပြအရုဏ်တော်” ကြီး ဖြစ်မှာပေါ့။ “မီးပြအရုဏ်တော်” က မဟာမုနိဘုရားကြီး အမရပူရမြို့သို့ ရခိုင်ပြည်နယ်ကနေ သယ်ယူပင့်ဆောင်သောအခါ ရှေ့ပြေး “မီးပြ”ပေးရတဲ့ အသင်းအဖွဲ့ဖြစ်သည်ဟု ဆို၏။

မန္တလေးမှာ ဥပုသ်တော်ရပ် အရုဏ်တော်၊ မီးပြအရုဏ်တော်၊ ရွှေလှံအရုဏ်တော်၊ မိတ္တအရုဏ်တော်၊ ပေါက်ပေါက်တန်း အရုဏ်တော်များစသည်ဖြင့် ရှိခဲ့ဖူးပါသည်။ ယခု မိကျောင်းတံတားလမ်းပေါ်က မိတ္တအရုဏ်တော်အသင်းကြီးကတော့ ယနေ့ထက်တိုင် တည်မြဲရှင်သန်နေဆဲ ဖြစ်ပါသည်။

အရုဏ်တော် အသင်းအဖွဲ့များသည် ရှေးမြန်မာ ရှင်ဘုရင်များ ထွက်တော်မူသည့်အခါပါဝင်မည့် ကျိုင်း၊ သိုင်း၊ တံခွန်၊ အလံ၊ရွေယပ်၊ငွေယပ်၊ ကွမ်းတောင်၊ ပန်းတောင် စသည့်အဆောင်အယောင်များအတိုင်း စနစ်တကျ အစီအစဉ်အတိုင်း ထည့်သွင်းကာ ကြေးစည်၊ ထိုးနရီ၊မောင်းစည် စသည့် တူရိယာပစ္စည်းများလည်း ပါဝင်၏။ ထို့ပြင် ဆိုင်းထမ်းကြီးများဖြင့် ရွှေဆွမ်းအုပ်၊ငွေဆွမ်းအုပ်၊ မြသပိတ်၊ ရေတော်၊ ပန်းတော်များလည်း ပါရှိသည်။

အရုဏ်အဖွဲ့များသည် ဝါတွင်းကာလရောက်သောအခါ ပထမဆုံး ဥပုသ်နေ့ဖြစ်တဲ့ ဝါဆိုလပြည့်နေ့ကို မဟာမုနိ၊ ဒုတိယဥပုသ် ဝါဆိုလပြည့်ကျော် (၈)ရက်ကို ရွှေကျီးမြင်၊ တတိယဥပုသ် ဝါဆိုလကွယ် အိမ်တော်ရာ စသည်ဖြင့် ဥပုသ်နေ့တိုင်း အစီအစဉ်ဆွဲထားသည့် ဘုရားစေတီများကို နံနက် အရုဏ်မတက်မီ ၃နာရီခွဲလောက်မှစ၍ ဆီမီး တထိန်ထိန်၊ ကြေးစည်သံ တဝေေ၀၊ ထိုးနရီ သံမောင်းသံ တဒူဒူဖြင့် တံခွန်ကုက္ကား၊ ကျိုင်း၊ ကသိုင်း၊ အောင်လံများ လွှင့်ထူကာ အရုဏ်ဆွမ်းကပ်ကြ၊ ဝတ်တက်ကြသည်။ နံနက် ၆နာရီခန့်တွင် ဝတ်တက်ပြီးသောအခါ
ထွက်လာစဉ်က အစီအစဉ်အတိုင်း အရုဏ်တော်အဖွဲ့ကြီး ပြန်လာကြသည်။

မြို့သူ မြို့သား၊ ရက်ကွက်သူ ရပ်ကွက်သားတွေက ဆွမ်းကပ်ပြန်လာသော အရုဏ်တော်အဖွဲ့ကြီး နံနက်စောစောတွင် ကျက်သရေရှိစွာ လှည့်လည်လာသည်ကို ကြိုဆိုစောင့်ကြည့်ကြ၏။

အရုဏ်တော်အဖွဲ့တံဆိပ်နှင့် စာတန်းပါ ကတ္တီပါဆိုင်းဘုတ်ကြီးကို ဝတ်ဖြူစင်ကြယ်ဝတ် လူငယ်နှစ်ဦးက ကိုင်ဆောင်ပြီး ၎င်းနောက် သာသနာ့အောင်လံများ၊ ရောင်စုံတံခွန်အလံများ၊ ယင်းနောက် အရုဏ်တော်အဖွဲ့ နိဗ္ဗာန်ဆော်၊ ၎င်းနောက် အသင်းလူကြီးများက ရွှေစလွယ်၊ငွေစလွယ်များဖြင့် မြသပိတ်၊ရွှေဖလား၊ငွေဖလားများ ပိုက်လျက် ယင်းနောက် ထမ်းစင်ဖြင့် ပင့်ဆောင်လာသော ဗုဒ္ဓရုပ်ပွားတော်၊ ယင်းနောက်၊ ကျိုင်းကိုင်၊ သိုင်းကိုင်၊ ရေတော်၊ ကွမ်းတောင်ကိုင်များ၊ ယင်းနောက် ကြေးစည်ထိုးနရီ၊ ရွှေမောင်း၊ ငွေမောင်းများ၊ ယင်းနောက် ပန်းကိုင် အရုဏ်တော်အဖွဲ့သားများ ဤသို့ဖြင့် စနစ်တကျ လှည့်လည်ကြခြင်း ဖြစ်ပါသည်။

မိတ္တအရုဏ်တော်အသင်းကြီးကတော့ ထိုကဲ့သို့ မင်းခမ်းမင်းနားများအပြင် နောက်ဆုံးမှလိုက်ပါလာသည့် တီးဝိုင်းအဖွဲ့က နာမည်ကြီးလှပါသည်။ မိတ္တအရုဏ်တော်အသင်းကို ကောဇာသက္ကရာဇ် ၁၂၇၇ ခုနှစ်က တည်ထောင်ခဲ့သဖြင့် ၁၃၈၃ ခုနှစ်တွင် ဤအရုဏ်တော်အသင်းကြီးလည်း ၁၀၆ နှစ်ပြည့်ခဲ့ပါပြီ။ မိတ္တအရုဏ်တော် အသင်းကြီးသည် ယနေ့ထက်တိုင် ဝါတွင်း၌ မန္တလေးရှိ ဘုရားပုထိုးများအား အရုဏ်ဆွမ်းကပ်ခြင်း၊ တန်ဆောင်မုန်းလ၌ ကထိန်ခင်းခြင်းများကို မပျက်မကွက် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

ယခုအခါ … အချို့သော အရုဏ်တော်အသင်းကြီးများ တိမ်မြုပ်သွားကြသော်လည်း မီးပြအရုဏ်တော် အသင်း၊ ဥပုသ်တော်အရုဏ်တော်အသင်း၊ မိတ္တအရုဏ်တော်အသင်းများကဲ့သို့ပင် သက်တော်ရှည် ရတနာပုံဗုဒ္ဓဘာဇနိယဿဟ အသင်းကြီးကလည်း အစဉ်အလာမပျက်
ခင်းကျင်းလှည့်လည်လျက်ရှိနေသည်မှာ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်ပါ၏။

ဝါဝင်သည့် ဝါဆိုလပြည့်နေ့တွင် အရုဏ်တော်အသင်းတိုင်းက မန္တလေး၏ ဦးထိပ်ထားရာ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို အခမ်းအနား
အခင်းအကျင်းများဖြင့် သွားရောက်ပူဇော်ကာ ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူကြပြီး ကျန်ဥပုသ်နေ့များတွင် အခြားတန်ခိုးကြီးဘုရားများသို့ အလှည့်ကျ သွားရောက်ပူဇော်ကြသည်။ ထိုသို့ပူဇော်ကြရာ၌ … ရတနာပုံဗုဒ္ဓဘောဇနိယ ဥဿဟအသင်းကြီးက တော်သလင်းလပြည့် အဖိတ်နေ့ရောက်တိုင်း မင်းတုန်းမင်းတြားကြီး ကုသိုလ်၊ ကျောက်တော်ကြီးဘုရားသို့ ခင်းကျင်း၊လှည့်လည်သွားရောက်ပူဇော်ခြင်းကား ယနေ့တိုင် ခမ်းနားကြီးကျယ်ဆဲ ဖြစ်သည်။

ကိုင်းတန်းဈေးအနောက်ဘက် ၈၇လမ်းပေါ်မှာ ဟိုး… မြောက်ဘက်ဆင်တံတားခါးပြတ်ထိ ရတနာပုံ ဗုဒ္ဓဘာဇနိယဥဿဟ အသင်းက ဆိုင်းထမ်းအုပ်များနှင့်အတူ တန်းစီနေရာယူထားသော တစ်ရှည်တစ်လျား… ရှေ့မှာ ရွှေချည်ထိုးနှင့် အသင်းဆိုင်းဘုတ်၊ ပြီးတော့ ကျိုင်း၊ သိုင်း၊ ယပ်၊ ယမားနှင့် အဆောင်အယောင်တွေ၊ ပြီးတော့ ကန်တော့ပွဲညွန့်ကြီးတင်ထားသည့်ကား…။ပြီးတော့ ရွှေအုပ်ငွေအုပ်များကို
ပန်းရောင်စုံဖြင့် လှပစွာပြင်ဆင်ထားသည့် ဆိုင်းထမ်းများနှင့် ဝတ်ဖြူစင်ကြယ်ဝတ် လူငယ်များ..။ ထိုအုပ်ဆိုင်းထမ်းများက ရာချီပြီးရှိသည်။ နောက်ဆုံးမှာ ရှမ်းအိုးစည်ဝိုင်းနှင့် သိုင်းအဖွဲ့ပါသည်။
ထိုသိုင်းအဖွဲ့က ရှမ်းအိုးစည်ဖြင့် ဓားသိုင်းအလှပြ ကစားသည်။

ထိုအုပ်ကလေးအသင်း (ဝါ)ရတနာပုံ ဗုဒ္ဓဘောဇနိယ ဥဿဟအသင်းမှာ ၁၂၈၅ခုနှစ်ကတည်းက ထူထောင်ခဲ့သောကြောင့် နှစ်စဉ်တော်သလင်းလဆန်း ၁၄ရက် (လပြည့်အဖိတ်)တိုင်း အစဉ်အလာမပျက်
စည်ကားစွာ ခင်းကျင်းကာ ကျောက်တော်ကြီးဘုရားသို့ အရုဏ်ဆွမ်းကပ် ဝတ်တက်ရန် လှည့်လည်ခဲ့ကြတာ ယခု ၁၃၈၃ခုနှစ်တွင် ၁၀၄နှစ် သက်တမ်းရှိပါပြီ။ အသင်းသားပေါင်း ၆၀၀ကျော်ပြီတဲ့။ ယခင်ကလို ပန်းမျိုးစုံဖြင့် လှပစွာပြင်ဆင်ထားသော ရွှေအုပ်၊ငွေအုပ်ဆိုင်းထမ်း များနှင့် လူငယ်များကလည်း အားကြိုးမာန်တက်ဆင်နွှဲကြလျက်ရှိဆဲကို ဝမ်းမြောက်စွာ တွေ့မြင်ရဆဲ ဖြစ်သည်။

#voiceofmyanmar #VOM #ဆူးငှက် #သက်တော်ရှည်အရုဏ်တော်အသင်းများ

 

Related posts

Leave a Comment

VOM News

FREE
VIEW