တနိုင်း – ရှင်ဗွေယန် ကားလမ်းမှာ ပစ်ခတ်မှုတွေဖြစ်နေတာကြောင့် ယာဥ်လမ်းကြောင်းတွေ ပိတ်ထား

စက်တင်ဘာ ၁၅ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့နယ်သွားကားလမ်း တရုန်ကျေးရွာနဲ့ တခက်ကျေးရွာ အကြား ဆက်သွယ်ရေးတာဝါတိုင်အနီးမှာ ဒီကနေ့မနက် ၆ နာရီနောက်ပိုင်းကစလို့ ပစ်ခတ်မှုတွေ ပြင်းထန်နေတဲ့အတွက် ယာဥ်လမ်းကြောင်းတွေ ယာယီ ပိတ်လိုက်တယ်လို့ ရှင်ဗွေယန်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဒီမနက် ၆ နာရီထိုးပြီးတော့ ပေါက်ကွသံတွေနဲ့ ပစ်ခတ်သံတွေကြားရတယ် ၊ တရုန်ကျေးရွာအကျော် တခက်ကျေးရွာအဝင်နားက လမ်းမကြီးအနီးတဝိုက်မှာဖြစ်နေတာပါ ၊ တနိုင်းဘက်နဲ့ ရှင်ဗွေယန်ဘက်ကို အသွားအလာ ယာဥ်တွေ ဒီမနက်ကစပြီး ပြတ်တောက်သွားပြီ ” လို့ တနိုင်းကနေ ရှင်ဗွေယန်ကို သွားနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။
 
တနိုင်း-ရှင်ဗွေယန် ကားလမ်းဘက်မှာ စင်တင်ဘာ ၇ ရက် မနက်ပိုင်းကလည်း အခုလို ပစ်ခတ်တာတွေဖြစ်တဲ့အတွက် ယာဥ်သွားယာဥ်လာတွေ ပိတ်ခံရပြီး ညနေ ၃ နာရီနောက်ပိုင်းမှ လမ်းကြောင်း ပြန်ဖွင့်​ပေးတာကြောင့် တနိုင်း-ရှင်ဗွေယန်ဘက်က ကားတွေ သွားလာခဲ့ကြပေမယ့် နောက်တရက် ၈ ရက်နေ့မှာ ပစ်ခတ်တာတွေ ပြန်ဖြစ်လို့ လမ်းကြောင်း ပြန်ပိတ်ခဲ့ပါတယ်။
 
အဲ့ဒီနောက် မနေ့ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ယာဥ်သွားယာဥ်လာတွေ ပုံမှန်အတိုင်း သွားလာလို့မရတော့ဘဲ ပစ်ခတ်မှုတွေဖြစ်တဲ့အချိန် ကားသမားတွေက နီးစပ်ရာရွာတွေမှာ ဝင်ရောက်ပုန်းခိုကြရပြီး ပစ်ခတ်မှု ဆဲသွားတဲ့အချိန်မှာ ခရီးရောက်သလောက် ဆက်ပြီးမောင်းကြရတယ်လို့ သိရပါတယ်။
 
” ပစ်တယ်ကြားလိုက် အနီးနားရွာတွေမှာ ဝင်ခိုလိုက်နဲ့ အသက်စွန့်ပြီး သွားနေရတယ် ၊ အဲ့ဒီလိုမှ မသွားဘူးဆိုရင် အဲ့ဒီဘက်မှာ ကုန်စည်ပြတ်လတ်မှုတွေ ဖြစ်တော့မှာ ” လို့ ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
 
ဒါ့အပြင် ပစ်ခတ်မှုတွေ ဖြစ်နေတဲ့နေရာမှာ စက်တင်ဘာ ၇ ရက်နေ့ကစလို့ အဲ့ဒီဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်တပ်တို့အကြား ၂ ဖက် တင်းမာမှုတွေဖြစ်ပြီး မကြာခဏ ပစ်ခတ်မှုတွေဖြစ်နေတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #ကချင်

Related posts

Leave a Comment

VOM News

FREE
VIEW