ခရီးသွားမရှိတဲ့အတွက် ပုဂံမြို့က မြင်းလှည်းသမားတွေ စားဝတ်နေရေးအကျပ်အတည်းရင်ဆိုင်နေရ

စက်တင်ဘာ ၁၇-၂၀၂၁
ထွန်းတောက်(VOM)

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် အများအပြားလာရောက်လည်ပတ်ရာ ဒေသတခုဖြစ်တဲ့ မန္တလေးတိုင်း၊ ပုဂံမြို့မှာ ခရီးသွားဧည့်သည်တွေကို အမှီပြုပြေးဆွဲနေတဲ့ မြင်းလှည်းသမား (၂၀၀) ကျော်ရှိနေပါတယ်၊

မြင်းလှည်းသမားတွေဟာ ပြည်ပခရီးသွား ဧည့်သည်တွေကို အဓိကအားထားပြေးဆွဲနေကြတာဖြစ်ပြီး ခေတ်ကာလကောင်းစဉ် ပုံမှန်အချိန်တွေမှာ တရက်ကို (၂) သောင်း (၃) သောင်းဝန်းကျင်အထိ ရကြတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ် ပထမလှိုင်းနဲ့ဒုတိယလှိုင်းတွေမှာ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးလာတဲ့အတွက် ဝင်ငွေတွေလျော့နည်းလာကြပြီး မိသားစုစားဝတ်နေရေးအတွက် ပြည်တွင်းခရီးသွားဧည့်သည် အနည်းအကျဉ်းကိုသာ အားထားပြေးဆွဲလာခဲ့ရတယ်လို့ မြင်းလှည်းသမား‌တစ်ဦးကပြောပါတယ်၊

အဲ့ဒီကမှတဆင့် လက်ရှိ ကိုဗစ်တတိယလှိုင်း နဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ ခရီးသွားဧည့်သည် ဝင်ရောက်မှု လုံးဝမရှိတောတဲ့အတွက် မြင်းလှည်းတွေရပ်နားထားကြရပါတယ်။

ဒါ့ကြောင့် ဝင်ငွေမဲ့အခြေအနေတွေနဲ့ မြင်းစာအတွက်ရော မိသားစုစားဝတ်နေရေးတွေအတွက်ပါ အခက်အခဲရှိလာကြပါတယ်။

အရင်ကမြင်းစာအတွက် ပုန်းရည်ကြီးလုပ်ငန်းတွေကထွက်ရှိတဲ့ ပဲရည်၊ ပဲဖတ်တွေကို အဓိကအားထားကျွေမွေးကြပြီး တရက်ကို မြင်းတကောင်ရဲ့အစာဖိုးဟာ (၃/၄) ထောင်ဝန်းကျင်သာရှိတယ်လို့ ပြောကြပါတယ်၊

လက်ရှိအချိန်မှာတော့ ပုန်းရည်ကြီးလုပ်ငန်းတွေလည်း ‌ခေတ်ကာလအခြေအနေကြောင့် လုပ်ငန်းလည်ပတ်မှုတွေ နည်းပါလာတဲ့အတွက် မြင်းစာရရှိမှုတွေလည်း နည်းပါးလာပါတယ်။

ဒါ့ကြောင့်မြင်းစာအတွက် တခြားအစာတွေကို အစားထိုးကျွေးရတဲ့နေရာမှာ တရက်ကို အစာဖိုး (၁) သောင်းဝန်ကျင်အထိကုန်ကျလာပါတယ်။

မြင်းလှည်းတွေရပ်နားထားရပြီး ဝင်ငွေမရှိတဲ့အချိန်မှာ အစာဖိုးက ပိုမိုကုန်ကျတဲ့အတွက် တချို့မြင်းလှည်းသမားတွေမှာ မြင်းတွေကိုရောင်းပြီး တခြားအလုပ်ကို ရရာလုပ်ကိုင်ကြပေမယ့်လည်း တခြားအလုပ်အကိုင်တွေလည်း ရှားပါးပြီး အဆင်မပြေတာကြောင့် စားဝတ်နေရေးတွေ ပိုမိုကျပ်တည်းလာကြတယ်လို့လည်း ပြောဆိုကြပါတယ်၊

အခုလိုအကျပ်အတည်းကာလတွေ ဆက်လက်ရှည်ကြာလာခဲ့ရင် ပုဂံဒေသမှာရှိတဲ့ ခရီးသွားလုပ်ငန်းကို အမှီပြုလုပ်ကိုင်စားသောက်နေကြသူတွေ အားလုံးအခက်အခဲမျိုးစုံကြုံတွေ့လာနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုထားကြပါတယ်။

#voiceofmyanmar #VOM #ပုဂံ #မြင်းလှည်း

Youtube Link – https://youtu.be/gKqpqUPLQrg

Related posts

Leave a Comment

VOM News

FREE
VIEW