မန္တလေး – မြစ်ကြီးနား မီးရထားလမ်းက တံတား ၁ စင်းနဲ့ သံလမ်းတချို့မှာ မိုင်းကွဲ

စက်တင်ဘာ ၊ ၁၆-၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ထန်းတပင်ဘူတာနဲ့ ညောင်ဇင်းဘူတာအကြားက မန္တလေး-မြစ်ကြီးနား မီးရထားလမ်းဟာ မနေ့ စက်တင်ဘာ ၁၅ ရက်က မိုင်းကွဲပြီး ချောင်းကူးတံတား ၁ စင်း အပါအဝင် မီးရထားလမ်းတချို့ ပျက်စီးသွားတယ်လို့ မီးရထားလမ်းပိုင်း အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
” ရထားလမ်းပိုင်း ဖောက်ခွဲခံရတာ အတည်ပြုလို့ရတယ် ၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်း မိုင်တိုင်အမှတ် ၄၇၃ / ၄ နဲ့၆ အကြား တံတားအမှတ် ၁၅၉ မှာဖြစ်တယ် ၊ ထိခိုက်ပျက်စီးမှုက တံတားရေလည်တိုင်အပေါ်မှာ တပ်ထားတဲ့ ပေ ၄၀ သံဘောင်ရဲ့ မန္တလေးဘက်ထိပ် Top Plate နဲ့ Diagonal Bracing တွန့်လိမ်ပျက်စီးပြီး ဇလီဖားတုံး ၁၆ တုံးလည်း ပျက်စီးတယ် ၊ နောက်ပြီး ပေ ၄၃၀ အရှည် ကိုးချောင်းဆက် သံလမ်း ၁ ချောင်းလည်းပြတ်တောက်နေတယ် ၊ ထိခိုက်ပျက်စီးမှု အားလုံး၁၆သိန်းနီးပါးဖြစ်မယ် ” လို့ မီးရထားလမ်းပိုင် အင်ဂျင်နိယာတစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီလို ရထားလမ်း မိုင်းကွဲတာကြောင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ လက်တလော သွားလာပြေးဆွဲလို့ မရနိုင်သေးဘူးလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းက ကန့်ဘလူမြို့နယ်နဲ့ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ ရွာထောင် စတဲ့ မြို့နယ်တွေကို ဖြတ်သန်းထားတဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို မိုင်းခွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် လမ်းလုံခြုံရေးတွေ တိုးမြင့်လုပ်ဆောင်နေတဲ့အချိန် အခုလို မိုင်းခွဲခံရတာ ဖြစ်တယ်လို့လည်း မီးရထားအသိုင်းအဝိုင်းကနေ သိရပါတယ်။
 
ဓာတ်ပုံ ၊ CJ
#voiceofmyanmar #VOM #ကန့်ဘလူ

Related posts

Leave a Comment

VOM News

FREE
VIEW