ရန်ကုန်မှာ တပ်စွဲထားတဲ့GTIကျောင်း၊ မော်တော်ပီကယ်ရုံး နဲ့ လ္ဘက်ရည်ဆိုင်တို့မှာ ဗုံးပေါက်မှုတွေဖြစ်ပွားခဲ့

စက်တင်ဘာ ၁၇-၂၀၂၁
GH ( VOM )
 
ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃ ခုက မော်တော်ပီကယ်ရုံး၊ စစ်တပ်က တပ်စွဲထားတဲ့ GTI ကျောင်းနဲ့ လက်ဘက်ရည်ဆိုင်တွေမှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
ရွှေပြည်သာမြို့နယ်မှာ မနက်အစောပိုင်းက စစ်တပ် တပ်စွဲထားတဲ့ GTI ကျောင်းအနီး ဗုံးပေါက်ကွဲခြင်း ၊မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်က လက်ဘက်ရည်ဆိုင်မှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့ခြင်း၊ ကမာရွတ်မြို့နယ် အင်းလျားလမ်းက မော်တော်ပီကယ်ရုံး ဗုံးကွဲတာတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။
 
ရွှေပြည်သာမြို့နယ်နေသူတစ်ဦးကတော့ ” မနက်အစောက ပေါက်ကွဲသံ ၄ ချက်ကြားရတယ်။ GTI ဘက်ကလို့သိရတယ်။ အဲ့ဒီမှာက စစ်တပ်က တပ်စွဲထားတယ် ။ အဲ့ဒီနားမှာပေါက်တာလို့တော့ကြားတယ် သေချာတော့မသိဘူး ” လို့ ပြောပါတယ်။
 
ဒီကနေ့မနက်ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေမှာ လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့် မော်တော်ပီကယ်ရုံးပျက်စီးခဲ့သလို မရမ်းကုန်းက လက်ဘက်ရည်ဆိုင်မှာလည်း ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
 
” မော်တော်ပီကယ်ရုံး ကန်သာယာဆေးရုံနဲ့ မလှမ်းမကမ်းမှာရှိတာပေါ့။ အဲ့ဒါဖောက်ခွဲခံရတယ်ကြားတယ်။ ဗီဒီယိုလည်းကြည့်လိုက်ရတယ်။အဲ့ဒီရုံးမှာက လူမရှိဘူးလို့သိရတယ်။ ဒီတော့ အဆောက်အဦးပျက်စီးမှုပဲရှိတာပေါ့ ၊ဖြစ်ခါစမှာ လမ်းပိတ်စစ်တာထိလုပ်ခဲ့တယ် ” လို့ ကမာရွတ်ဒေသခံတစ်ဦးကပြောပါတယ် ။
 
နောက်ပြီး ကမာရွတ်မြို့နယ်မှာ မနေ့ စက်တင်ဘာ ၁၆ရက်ညပိုင်းက လူ ၃ ဦး အဖမ်းခံခဲ့ရသလို စက်တင်ဘာလ ၁၅ ရက်နေ့ညကလည်း လူ ၁၀ ဦးထက်မနည်းဖမ်းခံခဲ့ရပါတယ်။
 
ရွှေပြည်သာမြို့နယ် နဲ့မရမ်းကုန်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ရက်တွေက ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။
 
ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက နေ့စဉ် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ် ခဲ့ပြီး လူသေဆုံးမှု ၊ အဖမ်းခံရမှုတွေရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု
ပုံစာ – ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးနောက် လမ်းပိတ်ဆို့စစ်ဆေးနေတဲ့(ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW