မြောင်မြို့နယ် ထွေ/အုပ်စာရေးဝန်ထမ်းအိမ် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ထွေ/အုပ်စာရေးသေဆုံး ၊ ၁ ဦးဒဏ်ရာရ

စက်တင်ဘာ ၊ ၁၈ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ လက်မယက်ကျေးရွာအုပ်စု ၊ လက်မယက်ရွာက ထွေ/အုပ် စာရေးဝန်ထမ်းအိမ်မှာ မနေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားတဲ့အတွက် ထွေ/အုပ်စာရေး သေဆုံးခဲ့ပြီး ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်ထွေ/အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။
 
” လက်မယက်အုပ်စုက ရပ်ကျေးစာရေးဝန်ထမ်း ဦးတင်ထွန်းရဲ့နေအိမ်မှာဖြစ်တာပါ ၊ မျက်နှာအိုးမဲသုတ်ထားတဲ့ လူ ၈ ယောက်က အိမ်ထဲဝင်ပြီးပစ်တာ ၊ ဓားနဲ့လည်းဝိုင်းခုတ်တာတွေကြောင့် ဦးတင်ထွန်းကတော့ နေရာမှာတင် ဆုံးသွားတယ် ၊ သူ့ရဲ့သား ကိုဖြိုးဝေကတော့ ပြင်းထန်ဒဏ်ရာရထားတယ် ” လို့ အမည်မဖော်လိုတဲ့ ထွေအုပ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
 
ဒါ့အပြင် အသက် ၅၅ နှစ်အရွယ် ထွေအုပ်စာရေး ဦးတင်ထွန်းဟာ ရင်ဘတ်ကျည်ဆံဖောက်ဝင် ဒဏ်ရာအပြင် ပြတ်ရှဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး အသက် ၂၈ နှစ်အရွယ် သူ့ရဲ့သားဖြစ်သူကတော့ နောက်ကျောဘက်မှာ ပြတ်ရှဖုယောင် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လကနေ အခုလ ၁၇ ရက်အထိ မြောင်မြို့နယ်မှာ လူသတ်မှု ၂ ဒါဇင်ကျော်ရှိပြီး သေဆုံးသူ ၃၀ ကျော်ရှိပါတယ် ။
 
အဲ့ဒီ သေဆုံးသူတွေထဲမှာ ထွေ/အုပ်ဝန်ထမ်း၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ ရွာအုပ်စာရေးတွေ အပါအဝင် လွှတ်တော်အမတ်ဟောင်း ၊ ပရဟိတစေတနာ့ဝန်ထမ်းတွေနဲ့ သတင်းပေးလို့ နာမည်ထွက်နေတဲ့သူတွေ ပါဝင်နေပါတယ် ။
 
ဒါ့အပြင် သေဆုံးသူတွေဟာ ကျည်ဆံဖောက်ဝင်ဒဏ်ရာ ၊ ဦးခေါင်းပြတ်ရှဒဏ်ရာနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ဒဏ်ရာတွေနဲ့ သေဆုံးကြတာဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
# voiceofmyanmar #VOM #မြောင် #ထွေအုပ်စရေး #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW