ပဲခူးက လျှပ်စစ်ဆိုင်ပိုင်ရှင် သားအဖ အသတ်ခံရကိစ္စနဲ့ အလုပ်သမား၃ ဦးနဲ့ဆက်နွယ်သူတွေကို သံသယနဲ့ဖမ်း

ပဲခူး၊စက်တင်ဘာ ၁၉-၂၀၂၁
KK(VOM)
 
ပဲခူးမြို့နယ် မဇင်းရပ်ကွက်က၊ လွင် (လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ Rubyကားအလှဆင်လုပ်ငန်း)မှ ပိုင်ရှင်သားအဖနှစ်ဦးအသတ်ခံရတာနဲ့ပတ်သက်ပြီး အလုပ်သမားသုံးဦးနဲ့ ဆက်နွယ်သူတွေကို သံသယနဲ့ဖမ်း
ဆီးထားတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
 
ပဲခူးမြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်းက လွင်(လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် Rubyကားအလှ ဆင်လုပ်ငန်း)ပိုင်ရှင် မိသားစုဟာ ဆိုင်ပိတ်ပြီး မဇင်းရပ်ကွက် ဒိုဘီတန်းရှိ နေအိမ်ကိုပြန်လာချိန် ပိုင်ရှင်ဖြစ်သူဦးဘိုဘိုလွင်နဲ့ သားဖြစ်သူမောင်နောင်ထွန်းလွင်တို့နှစ်ဦးကို ဆိုင်အလုပ်သမားသုံးဦးက ရိုက်နှက်ထိုးကြိတ်ခဲ့လို့ သေဆုံးသွားတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
 
“ကောင်လေးက အရင်သေတာ အဖေဖြစ်သူက ဓားဒဏ်ရာနဲ့ဆေးရုံကိုအသွား လမ်းမှာသေတာ၊ မနေ့က သားအဖနှစ်ယောက် အသုဘချတာ တရားခံသုံးယောက်မိထားတယ်လို့တော့ ကြားတယ်”လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။
 
ဓားနဲ့ထိုးခဲ့တဲ့လူငယ်(၃)ဦးကို သေဆုံးသွားတဲ့ ကိုဘိုဘိုလွင်က ပစွည်းအတင်အချလုပ်ဖို့ ခေါ်ထားတာဖြစ်ပြီး လူသတ်မှုမဖြစ်ခင် သုံးရက်က အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ဆူပူဆဲဆိုခဲ့တာလည်း ရှိတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
 
အဲ့ဒီလူသတ်မှုနဲ့ပတ်သက်ပြီး ပဲခူတိုင်းရဲအရာရှိတစ်ဦးက”အဲ့ဒီနေ့ညမှာပဲ မိတာပါ၊ နောက်ကွင်းဆက်တွေလည်း စစ်ဆေးနေပါတယ်။ လက်တလောကတော့ စစ်ဆေးဆဲကာလမို့ အကုန်ပြောလို့မရသေးဘူး”လို့ပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ ကိုအောင်ကျော်ဦး၊ကိုအောင်ကျော်မင်းနဲ့ကိုအောင်ခန့်ကျော်(ခ)အာရဖတ်တို့ဖြစ်ပြီး ပဲခူးမြို့အမှတ်၂နယ်မြေရဲစခန်းက (ပ)၂၂၆/၂၀၂၁ ပုဒ်မ-၃၀၂/၁၁၄ နဲ့ အမှုဖွင့်အရေးယူထားပြီး ကျန်ကွင်းဆက်တွေကို ဖော်ထုတ်နေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
 
#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW