မြင်းခြံမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် လူ ၉ ဦးထက်မနည်း ထပ်မံဖမ်းဆီးခံရ

စက်တင်ဘာ ၂၀-၂၀၂၁
GH ( VOM)

မြင်းခြံမြို့နယ်မှာ စက်တင်ဘာ ၁၈ရက်နေ့က ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် မနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ လူ ၉ ဦးထက်မနည်း ထပ်မံဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြင်းခြံဒေသခံတစ်ဦးက” စက်တင်ဘာလ ၁၈ ရက်နေ့ညပိုင်းနဲ့ စက်တင်ဘာ ၁၉ရက် မနက်ပိုင်းမှာ မြင်းခြံ အမှတ်၁ရဲစခန်း အပါအဝင် နေရာအချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်၊ ပြီးတော့ သေနတ်ပစ်သံတွေကြားရတယ်။ တနေ့ကလည်း ကျောင်းနားမှာပေါက်သေးတယ်။ ဒီနေ့ ကျနော်သိတာတင် ၅ ယောက်ရှိတယ် ၊ ရွာတွေကလည်းပါတယ်။ မြို့ပေါ်ကဆို မိတ်ကပ်ပြင်သူတောင်ပါတယ်သိရတယ်။ မြင်းခြံမှာက အရင်ရက်တွေထဲကစစ်ဆေးရေးတွေကြပ်တယ်။ ဝင်ရောက်စစ်ဆေးတာတွေလဲရှိတယ်၊ ဘာလို့ဖမ်းတာလဲဆိုတာတော့ ကျနော်တို့လည်း သေချာမသိဘူး”လို့ ပြောပါတယ်။

မြင်းခြံမြို့နယ်၊ နတ်ထားရွာက ၂ဦး ၊ ဒိုဘီကုန်းက၂ဦး ၊ ကားကွင်းတိုက်တန်းက ၂ ဦး နဲ့ ရပ်ကွက်အချို့က ၃ ဦးလည်း ဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြင်းခြံမြို့ပေါ်မှာ စစ်တပ်နဲ့ရဲက စစ်ဆေးမှုတွေတင်းကြပ်ထားသလို လုံခြုံရေးအင်အားကိုလည်း နေရာတိုင်းမှာချထားတာ တွေ့ရတဲ့အပြင် မြင်းခြံမြို့ပေါ်က ရပ်ကွက်တချို့မှာ ဧည့်စာရင်းဝင်ရောက်စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း မြင်းခြံမြို့မှာ လူ ၃၀ ထက်မနည်းဖမ်းဆီးခံခဲ့ရပြီး ၅ ယောက်ကတော့ ပြန်လွတ်လာပြီဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

မြင်းခြံမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်ကလည်း မြင်းခြံ ဧရာဝတီသွေးလှူရှင်အသင်းဥက္ကဋ္ဌ ဦးကိုနီ ရဲ့အိမ်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သားဖြစ်သူ သေဆုံးခဲ့တာလည်း ရှိခဲ့ပါတယ်။

# voiceofmyanmar #VOM #မြင်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW