အရောင်းအဝယ်ကျဆင်းလာတဲ့ ညောင်ဦးမြို့က နှစ်ပေါင်း (၆၀) ကျော်ကြာ ပုန်းရည်ကြီးလုပ်ငန်း

စက်တင်ဘာ ၂၀-၂၀၂၁
ထွန်းတောက်(VOM)

မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ ပုန်းရည်ကြီးလုပ်ငန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀) ဝန်းကျင်ကတည်းက မိရိုးဖလာလုပ်ငန်းတခုလို လုပ်ကိုင်လာခဲ့ကြတာဖြစ်ပါတယ်။

အခုလိုလုပ်ကိုင်တဲ့နေရာမှာ မြန်မာနိုင်ငံအနှံအပြားကို ကျယ်ကျယ်ပြန့်ပြန့်တင်ပို့ရောင်းချနေတဲ့ လုပ်ငန်းကြီးတွေလည်းရှိနေသလို တပိုင်တနိုင်လုပ်ကိုင်သူတွေလည်း ရှိနေပါတယ်၊

ပုဂံညောင်ဦးဒေသဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် အများအပြားလာရောက်တဲ့ဒေသတခုဖြစ်သလို ပွင့်လင်းရာသီတွေမှာ ရက်ရှည်ဘုရားပွဲတော်တွေလည်း ပြုလုပ်နေကျဖြစ်ပါတယ်။

တပိုင်တနိုင် ပုန်းရည်ကြီးလုပ်ကိုင်သူတွေအနေနဲ့ အခုလိုပွဲတော်ရက်တွေနဲ့ခရီးသွားဧည့်သည်တွေကို အဓိကအားထားရောင်း‌ချနေကြတာလည်းဖြစ်ပါတယ်။

အခုလိုရောင်းချနေကြတဲ့နေရာမှာ ကိုဗစ် ပထမလှိုင်းစတင်ဖြစ်ပွားလာချိန်ကတည်းက ဘုရားပွဲတော်တွေလည်း ကျင်းပနိုင်ခြင်းမရှိတော့သလို ခရီးသွားဧည့်သည်လာရောက်မှုတွေနည်းပါးသွားပြီး အရောင်းအဝယ်တွေကျဆင်းခဲ့ပေမယ့် လုပ်ငန်းရပ်နားရတဲ့အထိမဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိ ကိုဗစ်တတိယလှိုင်းနဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ လုပ်ငန်းတွေရပ်နားလိုက်ရတာဖြစ်တယ်လို့ တပိုင်တနိုင်လုပ်ငန်းရှင် တဦးကပြောပါတယ်။

လုပ်ငန်းကြီးသမားတွေအနေနဲ့လည်း လက်ရှိအချိန်မှာ အရောင်းအဝယ်တွေ (၆၀) ရာခိုင်နှုန်းလောက်အထိကျဆင်းခဲ့ပြီး နယ်ဝယ်လက်အနည်းငယ်နဲ့ အလုပ်သမားတွေအလုပ်ရရှိရေးအတွက်ကိုသာ လည်ပတ်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပုဂံ‌၊ ညောင်ဦးဒေသမှာရှိတဲ့ စီးပွားရေးလုပ်ငန်းအများစုဟာ ခရီးသွားလုပ်ငန်းကို အမှီပြုပြီးလုပ်ကိုင်နေကြရတာဖြစ်ပြီး အခုလိုလုပ်ငန်းတွေ အကျပ်အတည်းဖြစ်နေချိန်မှာ ပြောင်းလဲလုပ်ကိုင်ဖို့အတွက် တခြားလုပ်ငန်းတွေလည်း မရှိသလောက်ရှားပါးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ညောင်ဦး #ပုန်းရည်ကြီးလုပ်ငန်း

Youtube Link – https://youtu.be/bz1CuFd6vTM

Related posts

Leave a Comment

VOM News

FREE
VIEW