ပြည်မြို့က ပရဟိတသမားတယောက်အပါအဝင် အမျိုးသား(၂)ယောက်အဖမ်းခံရ

စက်တင်ဘာ ၂၁-၂၀၂၁
GH ( VOM )
 
ပြည်မြို့က ပရဟိတသမားတယောက်နဲ့ အမျိုးသား တယောက် မနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ညပိုင်းက ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ကိုမျိုးနိုင်က ပရဟိတလုပ်တယ်။ သူ့ကိုအရင်ထဲက စစ်တပ် သတင်းပေးတဲ့ ဝကြီးကို သတ်တယ်ဆိုတဲ့ စွပ်စွဲထားတာ။ ဒါကြောင့်သူကရှောင်နေတာ။ အခုညက အောင်လံမှာ ဆိုင်ကယ်စီးနေချိန် ပစ်ပြီးဖမ်းခံလိုက်ရတယ်လို့သိရတယ်။သူနဲ့အတူနောက်တစ်ဦးလည်းပါတယ်သိရတယ်။ သေနတ်မှန်သွားတယ် ” လို့ ဒေသခံတစ်ဦးကပြောပါတယ် ။
 
ဖြစ်စဉ်မှာ မနေ့ည ၈ နာရီလောက်မှာ ပရဟိတလုပ်ကိုင်သူ ကိုမျိုးနိုင်နဲ့အတူ အမျိုးသားသုံးယောက် ဆိုင်ကယ်စီးနေချိန် စစ်တပ်က သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးလိုက်တာဖြစ်ကြောင်း ၊၂ ယောက်ဖမ်းခံရပြီး တယောက်ကတော့ လွတ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
ပစ်ခတ်ဖမ်းဆီးတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုဖို့အတွက် VOm အနေနဲ့ ထပ်မံကြိုးစားနေဆဲဖြစ်လို့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ကိုမျိုးနိုင်ဟာ ကိုဗစ်-၁၉ ပထမလှိုင်းမှာ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။
 
ပြည်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းကလည်း ပရဟိတသမားဖြစ်သူ ကိုထွန်းမင်းမြတ်ကို ဖမ်းဆီးခံခဲ့ရတဲ့အပြင် လူငယ်တချို့လည်းအဖမ်းခံခဲ့ရပြီး တယောက်ကတော့ ဖမ်းဆီးခံရပြီး နောက်ရက်မှာပဲ သေဆုံးသွားတဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #ပြည် #ပရဟိတသမား #ဖမ်းဆီးခံရ
ပုံစာ – ပြည်မြို့တွင်း စစ်ဆေးရေးလုပ်နေတဲ့( ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW