မင်းကင်းနယ်မှာ ပြည်ခိုင်ဖြိုးဝန်းရံသူ ၃ ဦးသတ်ခံရ

စက်တင်ဘာ ၊ ၂၂ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်မြို့နယ် ၊ တောင်တွင်းချောင်ဒေသ၊ ကုန်းမော်ရွာရဲ့အနောက်ဘက် တောတွင်းချောင်းထဲမှာ ပြည်ခိုင်ဖြိုးဝန်းရံသူ လူ ၃ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတာကြောင့်မနေ့ စက်တင်ဘာ ၂၁ ရက်က ရဲနဲ့ စစ်သားတွေ လာရောက်စစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
” ရုပ်အလောင်း ၃ လောင်းက ၊ စပ်လျင်ချောင်းရွာက ပြည်ခိုင်ဖြိုးဝန်းရံတဲ့ သာမန်တောင်သူတွေဖြစ်ကြတယ် ၊ နာမည်တွေကတော့ ကိုစည်သူ ၃၂ နှစ် ၊ ကိုအဲဝေ ၂၆ နှစ် နဲ့ ကိုစိုးကို ၂၅ နှစ် ဖြစ်တယ် ၊ လည်ပင်းတွေဖြတ်ပြီး ရေထဲမျှောထားတယ် ” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် သေဆုံးသူတွေနဲ့ ရင်းနှီးတဲ့သူတယောက်က ” အခုလ ၁၀ ရက်က ဒေသခံမဟုတ်တဲ့ လူစိမ်း ၁ ရာကျော်လောက်က သူတို့ ၃ ယောက်ကို ဖမ်းခေါ်သွားပြီးနောက်ပိုင်း အခုလို သေဆုံးခဲ့ရတာ ” လို့ ပြောပါတယ်။
 
အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့ သေဆုံးသူ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ ရေမျှောခံရတယ်ဆိုတဲ့ကိစ္စဟာ ဘယ်သူတွေက ဘာအတွက်ကြောင့် အခုလို သတ်တယ်ဆိုတာကို VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
အဲ့ဒါကြောင့် မင်းကင်းမြို့နယ် ရဲစခန်းကို မေးမြန်းဖို့ ဆက်သွယ်တဲ့အခါ ဆက်သွယ်လို့ မရတဲ့အတွက် ရဲစခန်းနဲ့ နီးစပ်တဲ့သူ တစ်ယောက်ကို မေးမြန်းကြည့်အတဲ့အခါ ” စပ်လျင်ချောင်းရွာသား ၃ ဦး သတ်ခံရပြီး အလောင်းတွေ ရောမျှောလိုက်တာနဲ့ ပတ်သက်လို့ မနေ့ စက်တင်ဘာ ၂၁ က အမှုဖွင့်တယ် ၊ ရဲစခန်း (ပ) ၅၁ / ၂၀၂၁ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄ အရ. ” လို့ ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ သေဆုံးသူ လူ ၃ ဦး ဖမ်းဆီးခံရတဲ့နေ့မှာ မင်းကင်း၊ တောင်တွင်းချောင်ဒေသက မအူကျေးရွာမှာ လူနေအိမ် ၇ လုံး မီးလောင်ပြီး အဲ့ဒီ မီးလောင်မှုကြောင့် အသက် ၂၇ နှစ်အရွယ် အမျိုးသား(၁)ဦး မီးလောင်သေဆုံးတာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မင်းကင်း

Related posts

Leave a Comment

VOM News

FREE
VIEW