ငွေကြေးဖောင်းပွမှု ထိန်းသိမ်းနိုင်ပါ့မလား

စက်တင်ဘာ ၂၉-၂၀၂၁
GH ( VOM )
 
ပြည်တွင်းမှာ အချိန်တိုအတွင်း စံချိန်တင်မြင့်တက်လာတဲ့ ဒေါ်လာစျေးနဲ့ရွှေစျေးကြောင့် ငွေလဲလှယ်ရေးစျေးကွက် ပျက်စီးသွားသလို အာရှဒေသမှာလည်း မြန်မာက ငွေကြေးဖောင်းပွမှု ၉ ဒ သမ ၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးအခြေအနေရောက်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာကဖော်ပြထားပါတယ်။
 
မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့မှာဆိုရင် ရွှေစျေးက အကယ်ဒမီမီးလင်းရွှေ တကျပ်သားကို ၂၀၅၀၀၀၀ နှစ်ဆယ်သိန်းငါးသောင်းကျပ်နဲ့စဖွင့်ခဲ့ပြီး အပိတ်စျေးက ၂၂၁၃၀၀၀ နှစ်ဆယ့်နှစ်သိန်းတသောင်းသုံးထောင်ရှိခဲ့တယ်လို့ သိရပါတယ်။
 
ဒေါ်လာစျေး ဘဏ်ဖွင့်စျေးကတော့ ၁၉၅၀ ရှိပြိး ပြင်ပငွေလဲလှယ်တဲ့စျေးကွက်မှာတော့ ၂၄၀၀ ကနေ ၂၇၀၀ အထိပေါက်စျေးရှိတယ်လို့ ဝယ်ရောင်းလုပ်သူတွေဆီကသိရပါတယ်။
 
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူတွေက စိုးရိမ်စိတ်မြင့်မားပြီး ကျပ်ငွေအပေါ် ယုံကြည်မှုမရှိခြင်း၊ ကျပ်ငွေ အမြောက်အများလက်ဝယ်ကိုင်ထားသူတွေက ရွှေနဲ့ဒေါ်လာကို စုဆောင်းနေခြင်း၊ စျေးကွက်မှာ ပြန်ရောင်းတာမရှိဘဲ အဝယ်တွေသာများနေခြင်း ၊ ဒေါ်လာနဲ့ရွှေတွေကိုင်ပြီးစျေးကစားခြင်းတွေကြောင့် ဒေါ်လာစျေးနူန်း၊ ရွှေစျေးနူန်းက အဆမတန်မြင့်တက်နေတာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တချို့က သုံးသပ်ပါတယ်။
 
“ရွှေစျေးနဲ့ဒေါ်လာစျေးက ကျပ်အပေါ်မှာယုံကြည်မှုနည်းတာရယ် နောက်နိုင်ငံရေး sectorတွေ၊ ငွေတောင်လိုပုံတဲ့သူတွေကကျပ်တခုခုဖြစ်သွားမှာကိုစိုးရိမ်ပြီးလိုက်ဝယ်နေကြတာတွ ကြောင့် စျေးတက်တာ။ ရွှေစျေးနဲ့ဒေါ်လာစျေးက စျေးကွက်ကစားသူတွေကလုပ်နေတာ။ ငွေတောင်လိုပုံတဲ့သူတွေကို ဒေါ်လာတွေ၊ ရွှေတွေဝယ်နေတာကို တစ်ခုခုနဲ့တော့ကိုင်တွယ်ရမယ်၊ ဥပမာအခွန်နဲ့ကိုင်မလား၊ ရင်းနှီးမြှုတ်နှံပါအာမခံပါတယ်ဆိုတာမျိုးက တမျိုးပေါ့ ၊ လူတွေက စိုးရိမ်ကြောင့်ကြမှု အရမ်းများနေတယ်ထင်တယ် ” လို့ ဦးသန်စိုး ဘောဂဗေဒ ကသုံးသပ်ပြောဆိုပါတယ်။
 
လောလောဆယ်မှာတော့ ဒေါ်လာစျေးမြင့်တက်မှုကြောင့်ဟုဆိုကာ ပြည်တွင်းက စားသောက်ကုန်စျေးနူန်းတွေကို မြင့်တက်ရောင်းချနေကြပြီး ၊ ပြည်ပက တင်သွင်းရတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဟန်းဖုန်း စတဲ့ဒေါ်လာနဲ့ပေးချေရတဲ့ လုပ်ငန်း ၊ဆေးပစ္စည်းတွေအကုန်လုံး စျေးတက်ရောင်းချသွားမယ်လို့ လုပ်ငန်းရှင်တွေကကြေညာလာတာတွေ့ရပါတယ်။
 
နောက်ပြီး စက်သုံးဆီစျေးမြင့်တက်မှုကြောင့်လည်း ပစ္စည်းသယ်ယူစရိတ်မြင့်တက်ဟုဆိုကာ ပစ္စည်းအားလုံးနီးပါး စျေးတက်ရောင်းချလာတာကြောင့် အောက်ခြေလူတန်းစားတွေအတွက် ထွက်ငွေနဲ့ရငွေကြား ကွာဟပြီး ကြပ်တည်းမှုတွေဖြစ်လာတယ်လို့ သိရပါတယ်။
 
” စျေးကအကုန်တက်နေပြီ၊ဟိုတလောက စျေးပြန်ကျလို့ ဝမ်းသာရုံရှိသေး ခုပြန်တက်ပြန်ပြီ။ ဓာတ်ဆီစျေးကလည်းထိုးတက်။ ကြားကိုမကြားဖူးဘူး။ စားသုံးဆီစျေးဆိုလည်း တက်လိုက်တာ ၁၈၀၀ တန်က ၄၀၀၀ ကိုဖြစ်ရော၊ ဒေါ်လာစျေးတက်လို့ သူတို့လဲတက်ဝယ်ရလို့ စျေးတက်ရောင်းတယ်ပြောတာပဲ။ ကျနော်တို့ရွာသားတွေက ဘာမှနားမလည်ဘူး။ ဝင်ငွေကမရှိဘဲ စျေးတွေက စွတ်တက်နေတာ ၊ ကျနော်တို့ဘယ်လောက်ထိတောင့်ခံနိုင်မလဲ ၊ ” လို့ ပြည်သူတယောက်က ပြောပါတယ်။
 
ဒေါ်လာစျေး၊ ရွှေစျေးကွက်ကို မထိန်းချုပ်နိုင်ဘူးဆိုရင် မြန်မာ့စီးပွားရေးအခြေအနေ ကမောက်ကမဖြစ်ပြီး ၊ လုပ်ငန်းတွေရပ်ဆိုင်းသွားနိုင်သလို အရောင်းအဝယ်တွေလည်းမဖြစ်တော့ဘဲ ပြည်သူလူထုပါ ဒုက္ခရောက်သွားနိုင်တယ်လို့ ဘောဂဗေဒ ဦးသန်းစိုးက သုံးသပ်ထားပါတယ်။
 
ဒေါက်တာစိုးထွန်းကတော့ လက်ရှိ ဖြစ်နေတဲ့ ဒေါ်လာနဲ့ရွှေစျေးကွက် အခြေအနေဟာ လူတွေရဲ့ စိုးရိမ်စိတ်တွေကြောင့် ဝယ်ယူစုဆောင်မှုနေတာဖြစ်လို့ စျေးကွက်ကို ထိန်းလို့ရနိုင်တဲ့အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။
 
“လူတွေရဲ့စိုးရိမ်စိတ်ကြောင့်ပေါ့။ အခုက အရောင်းမရှိဘူး ဘယ်စျေးဖြစ်ဖြစ်ဝယ်တယ်ဆိုတဲ့ပုံဖြစ်နေတော့ စျေးကတက်တာပေါ့။အဲ့တော့ လူတွေရဲ့ panic ပိုင်းကြောင့် လောလောဆယ် တော့ထိန်းလို့မရနိုင်ဘူး။ဘယ်လိုမှထိန်းကြောင်းလို့မရဘူး။တချိန်အေးသွားရင်သူ့ဘာသာကျသွားမယ်။လောလောဆယ်အနေအထားကတော့ထိန်းလို့မရဘူး ထိန်းရင်ပိုတက်တာကိုး။ ” လို့ သုံးသပ်ပါတယ်။
 
လက်ရှိမှာတော့ ပြည်တွင်း ဒေါ်လာစျေးကွက်က ဝယ်ရောင်းကိုမလုပ်နိုင်တော့ဘဲ စျေးကွက်ပျက်စီးသွားပြီး ရောင်းသူ ဝယ်သူရဲ့ ကြိုက်စျေး ခေါ်ရောင်းတဲ့ပုံဖြစ်နေပါတယ်။ ရွှေစျေးကလည်း ဒေါ်လာစျေးနဲ့ တိုက်ရိုက်သက်ဆိုင်တာကြောင့် ရွှေစျေးက မြင့်တက် နေတာဖြစ်တယ်လို့ ဆိုပါတယ်။
 
နောက်ပြီးရွှေစျေးကွက်က ဆိုင်တွေပိတ်ထားရခြင်း ၊ ရွှေတွင်းတွေ လုပ်ငန်းမလည်ပတ်နိုင်ခြင်း၊ ပြည်သူတွေရွှေကို ဝယ်ယူစုဆောင်းနေခြင်း ၊ စတဲ့ ကောလဟာလသတင်း တွေကြောင့် စျေးကွက်မှာ ပစ္စည်းပြတ်တဲ့အနေအထားမျိူးဖြစ်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုထားပါတယ်။
 
ဒါကြောင့် လက်ရှိမြင့်တက်နေတဲ့ ဒေါ်လာစျေးနဲ့ ရွှေစျေးကွက်ကို ဗဟိုဘဏ် အနေနဲ့ထိန်းသိမ်းနိုင်ခြင်းမရှိတော့လို့ ကျန်တဲ့ ဌာနတွေကပါ ပူးပေါင်းထိန်းဖို့လိုအပ်ကြောင်း ၊ ဒေါ်လာစျေးကျအောင် နိုင်ငံခြားဝင်ငွေရမယ့် လုပ်ငန်းတွေ ၊ စက်ရုံအလုပ်ရုံတွေကိုလည်း ပြန်လည်ဖွင့်ပေးဖို့လိုအပ်နေပြီဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်း ရှင်တွေက သုံးသပ်ပါတယ်။
 
ဗဟိုဘဏ်ရဲ့တာဝန်ရှိသူကတော့ပြင်ပဒေါ်လာစျေးကွက်မှာ ဒေါ်လာစျေးမြင့်တက်နေတာဟာ လူနည်းစုကနေ ဒေါ်လာရောင်းဝယ် နည်းပါးမှုအပေါ် မတန်တဆစျေးတင်ပြီးစျေးကစားခြင်းကြောင့်သာဖြစ်ပြီး စျေးကွက်တစ်ခုလုံး ဖြစ်ပျက်နေတာမဟုတ်ကြောင်း၊ဗဟိုဘဏ်ကနေလိုင်စင်ရထားတဲ့ money changer တွေကတော့ စျေးမတန် တဆတင်တာမျိုးမရှိဘူးလို့ ဗဟိုဘဏ်တာဝန်ရှိသူက VOM ရဲ့ ယခင်က မေးမြန်းမှူအပေါ်ကို ပြောဆိုထားပါတယ်။
 
ဗဟိုဘဏ်အနေနဲ့ ဒေါ်လာတွေထုတ်ရောင်းပေးပါက ဒေါ်လာစျေးပြန်ကျသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး နောက် ၊ ဗဟိုဘဏ်က စက်တင် ဘာ ၂၇ ရက်နေ့ ရောင်းချခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၅ သန်းအပါအဝင် စက်တင်ဘာလအတွင်းမှာအမေရိကန်ဒေါ်လာ ၆၃ သန်းအထိ ရောင်းချခဲ့ပါတယ်။
 
ဒါပေမယ့် ဒေါ်လာစျေးကတော့ ပိုမြင့်တက်လာပြီး စျေးကွက်ပျက်တဲ့အထိဖြစ်ကာ တစ်ဒေါ်လာ ၂၇၀၀ ကျပ်အထိပင် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရွှေစျေးကလည်း ၂၂ သိန်း ကျော်အထိ ရှိနေပါတယ်။
 
ဒီနေ့ စက်တင်ဘာလ ၂၉ ရက်နေ့အကယ်ဒမီမီးလင်းရွှေ အဖွင့်စျေးက ရွှေတစ်ကျပ်သားကို ၂၂၂၀၀၀၀ ကျပ်ရှိပြီး ဒေါ်လာအဖွင့်စျေး ( kbz ဘဏ်စျေး) က ၁၉၅၀ ကျပ်ဖြစ်တယ်လို့ YGEA က ထုတ်ပြန်ပါတယ်။
 
ဒါပေမယ့် ပြင်ပဒေါ်လာငွေလဲလှယ်စျေးကွက်မှာတော့ တစ်ဒေါ်လာကို ၂၇၀၀ ပေါက်နေပြီး ၃၀၀၀ အထိ ဈေးခေါ်နေတာရှိနေတယ်လို့ ဝယ်ရောင်းလုပ်သူတွေဆီကသိရပါတယ်။
 
မြန်မာကျပ်ငွေ လက်ထဲရှိနေသူတွေက ရွှေနဲ့ဒေါ်လာစုဆောင်းနေကြပြီး ဒေါ်လာဈေးအတက်က ကြမ်းနေဆဲအခြေအနေကို ဗဟိုဘဏ်က ဘယ်လိုကိုင်တွယ်မလဲဆိုတာ မသိရသေးတာကြောင့် စိုးရိမ်စိတ်တွေနဲ့ လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဒေါ်လာဈေး #ရွှေဈေး

Related posts

Leave a Comment

VOM News

FREE
VIEW