ပခုက္ကူမြို့မှာ ပစ်ခတ်သံတွေကြားနေရပြီး မြို့ဝင်ပေါက်လမ်းတွေ အကုန်ပိတ်ထားတာကြောင့် နယ်ကစျေးသည်တွေ ဝင်မရ

စက်တင်ဘာ ၊ ၂၉ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ၊ ပခုက္ကူမြို့ မြိုင်လမ်းနဲ့ မြို့ရှောင်လမ်းဆုံးအနီး ပခုက္ကူ တက္ကသိုလ်ဝန်းကျင်နားမှာ ဒီမနက်က ပစ်ခတ်သံတွေ ဆက်တိုက်ကြားရပြီး မြို့ဝင် မြို့ထွက်လမ်းသမျှ ရဲနဲ့ စစ်သားတွေက ပိတ်ထားလိုက်ပြီးလို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။
 
” မြိုင်လမ်းဘက်က တက္ကသိုလ်နားမှာ ပစ်နေတာကြာပြီ ၊ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်နေတယ်ဆိုတာ မသိရဘူး အသံတွေတော့ ကြားနေရတယ် ၊ မြို့ခံ လူတွေ အပြင်မထွက်ရဲကြဘူး ” လို့ အဲ့ဒီ မြိုင်လမ်းမှာရှိတဲ့ ကောက်ပဲသီးနှံ ပွဲရုံ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
 
ဒါ့အပြင် ပခုက္ကူ မြို့ရှောင်လမ်း ၊ ရွှေချောင်းတံတာလမ်း ၊ ပေါက်လမ်း ၊ မြိုင်လမ်း စတဲ့ မြို့ဝင်လမ်း ပေါက်တွေကို ရဲနဲ့ စစ်သားတွေက ပိတ်ဆို့ပြီး လမ်းသွား လမ်းလာတွေကို ရှာဖွေ စစ်ဆေးနေတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
 
” မြို့ပေါ်က လူတွေဆိုရင် သွားခွင့်ပေးတယ် ၊ နယ်ကလာတဲ့သူတွေဆိုရင် ကျန်းမာရေး ကိစ္စမဟုတ်ရင် ဝင်ခွင့်မပေးဘူး ၊ ပြန်လွှတ်ခံရတာ များတယ် ” လို့ ပခုက္ကူနယ် စျေးသည် တယောက်က ပြောပါတယ်။
 
မနေ့ စက်တင်ဘာ ၂၈ ညနေ ၄ နာရီဝန်းကျင်းက ပခုက္ကူမြို့ ၊ အမှတ် ၁၀ ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းနဲ့ အာဇာနည်လမ်းဆုံအနီး ဘုံဆွမ်းလောင်းအသင်းရုံးနားမှာ ကင်းလှည့်နေတဲ့ ရဲကားထဲကို ဆိုင်ကယ်စီးလာတဲ့လူက လက်ပစ်ဗုံး ပစ်သွင်းသွားတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ကားပေါ်မှာပါတဲ့ ရဲတွေ ဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။
 
ပခုက္ကူမြို့ဟာ ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေး တံခါးဝ မြို့ဖြစ်ပြီး အခုလ ၁၇ ရက်က ချင်းပြည်နယ် တိုက်ပွဲရှောင်စခန်းတွေဆီ ပို့ပေးမယ့် ဆေးနဲ့ ဆေးပစ္စည်းတွေအပြင် အရေးပေါ် ခွဲစိပ်ခန်းသုံး ပစ္စည်းတွေ ဖမ်းခံရပြီးနောက် ပခုက္ကူမြို့ပေါ်မှာ ပစ်ခတ်တာနဲ့ ပေါက်ကွဲတာတွေ ဖြစ်လာတယ်လို့ မြို့ခံတွေရဲ့ အပြောအရ သိရပါတယ်။
 
#voiceofmyanmar #vom #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW