စစ်ကိုင်းတိုင်းမှာ Mytelအင်ဂျင်နီယာနဲ့ အဖွဲ့က လူ ၄ ယောက် ပျောက်ဆုံးနေ

ကျွန်းလှ ၊ စက်တင်ဘာ ၊ ၃၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်နဲ့ ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ၂ ခုရဲ့ အကြားမှာရှိတဲ့ သဖန်းဆိပ်ဆည်အနီးက အင်လှကျေးရွာဝန်းကျင်းမှာ ဆက်သွယ်ရေး ကေဘယ်လိုင်းတပ်ဆင်နေတဲ့ ကားတွေမီးရှို့ဖျက်စီးခံရပြီး အင်ဂျင်နီယာနဲ့ အဖွဲ့ ပျောက်ဆုံးနေတယ်လို့ စစ်ကိုင်းတိုင်း ဆက်သွယ်ရေး လုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။
 
” သဖန်းဆိပ်ဆည်နားက အင်လှရွာနားမှာဖြစ်တာပါ ၊ ကျွန်းလှမြို့နယ် ဧရိယာထဲမှာပါတယ်၊ ဖိုက်ဘာကေဘယ်အဖွဲ့ရဲ့ ကား ၂ စီး မီးရှို့ဖျက်စီးပြီး တန့်ဆည်မြို့နယ် Mytel တာဝန်ခံ အင်ဂျင်နီယာ ဦးဝေဇော်ဖြိုး အပါအဝင် လူ ၄ ယောက် ပျောက်ဆုံးနေတာပါ ၊ ဒီကနေ့နဲ့ဆိုရင် သူတို့နဲ့ ပျောက်နေတာ ၄ ရက်ရှိသွားပြီ ၊ ဆက်သွယ်တာ မရတော့ဘူး ” လို့ ပျောက်ဆုံးနေသူတွေနဲ့့ လုပ်ဖော်ကိုင်ဘက် စစ်ကိုင်းတိုင်း ဆက်သွယ်ရေး ဖိုက်ဘာ ဆက်သွယ်ရေး အင်ဂျင်နီယာ တစ်ယောက်က ပြောပါတယ်။
 
အခုလ ၇ ရက် နောက်ပိုင်းကစလို့ ဒီကနေ့အထိ ရက်ပေါင်း ၂၀ ကျော်ကာလထဲမှာ စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက ဆက်သွယ်ရေးတာဝါတိုင် ၄၀ ကျော် ဖျက်စီးခံခဲ့ရပြီး ဖိုက်ဘာ ကေဘယ် အင်ဂျင်နီယာအဖွဲ့က လူတွေ ပျောက်ဆုံးနေတာဖြစ်ပါတယ်။
 
” ဖေဖော်ဝါရီလမှာ ဆန္ဒပြကြတော့ စစ်ကိုင်းတိုင်း Mytel ရုံး (မုံရွာ) က အင်ဂျင်နီယာ ဝန်ထမ်း ၄၀ ကျော် အလုပ်ကထွက်ပြီး ၊ CDM လှုပ်ရှားမှုမှာ ပါဝင်သွားတာရှိတယ် ၊ စိတ်ပျက်စရာဖြစ်စေတဲ့ အချက်က ပြည်တွင်း နိုင်ငံရေး လှုပ်လှုပ်ဖြစ်ရင် အရင်ဆုံး ထိုးနှက်ခံရတာက Mytel ပဲဖြစ်တယ် ၊ Mytel အင်ဂျင်နီယာတွေ နိုင်ငံရေး ကြားညှပ်ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာ အခုမှ မဟုတ်ဘူး ၊ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် အတွင်းထဲက ရှိခဲ့တယ် ၊ ချင်းပြည်နယ် တောင်ပိုင်း ကန်ပလက်နဲ့ ရခိုင်မြောက်ပိုင်းမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ရှိဖူးတယ် ” လို့ Mytel ဆက်သွယ်ရေး ကုမ္မဏီ အင်ဂျင်နီယာအဖွဲ့နဲ့ နီးစပ်တဲ့ လူ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် လက်ရှိ အစိုးရရဲ့ အုပ်ချုပ်မှူ ယန္တယားကို အထောက်အကူဖြစ်စေတဲ့ ဒေါက်တိုင်မှန်သမျှကို ဖြိုးဖျက် တိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် ပတ်သက်မှုမရှိကြဖို့နဲ့ ကင်းကင်း ရှင်းရှင်းနေပေးဖို့ စစ်ကိုင်းတိုင်းထဲက PDF နာမည်နဲ့ဖွင့်ထားတဲ့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ မကြာခဏ အဲ့ဒီလို ရေးသားထားတာကို တွေ့ရပါတယ်။
 
#voiceofmyanmar #vom # Mytel # အင်ဂျင်နီယာ

Related posts

Leave a Comment

VOM News

FREE
VIEW