ဓာတ်ရထား နှင့် ဆိုက်ကား

——————————
ဆူးငှက်

ကုန်လွန်ခဲ့ဲသောနှစ်ပေါင်း ၈၀ နီးပါးကာလ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းကယိုယွင်းခဲ့သော မန္တလေးမြို့သန့်ရှင်းရေးမှာ ပြန်လည်အားယူနာလန်ထူစပြုပေမယ့် အရှိန်မရသေးပေ။

အထူးသဖြင့် ထိုခေတ်ထိုအချိန်က ဈေးချိုတော်ကြီးအတွင်းသန့်ရှင်းရေးမှာ အဆင်မပြေသေးပုံကို ထိုအချိန်က ထုတ်ဝေသည့် မန္တလေးမြို့ထုတ် နဂါးနီဂျာနယ် အမှတ်-၃ (၁၃၀၇ ခု တပေါင်းလဆန်း ၇ ရက်ထုတ်)တွင် “ကမ္ဘာလုံးဆိုင်ရာ တယ်လီဖုန်းသတင်း” ကဏ္ဍ၌ ဈေးချိုတော်အရှေ့ဘက်တိုက်တန်းကြီးအနောက်နား၌ အမှိုက်များစုပုံနေကြောင်း အိမ်သာများကိုလည်း သန့်ရှင်းစွာပြုပြင်ကာ ဆေးများ
ဖျန်းပေးစေလိုကြောင်း ရေးသားထားသည်ကို ဖတ်ရှုရသည်။

မိလ္လာအပါအဝင် အညစ်အကြေးများဖြင့် ညစ်ပတ်ပေရေနေသော မြို့သန့်ရှင်းရေးအတွက် စစ်ကြီးကြောင့် ပျက်ယွင်းသွားသော မြူနီစီပယ်က တာဝန်မယူနိုင်တော့ဘဲ သီပေါမင်း လက်ထက်ကတည်းက ဘေးမဲ့ပေး မွေးမြူထားသော ဝက်များက နူတ်သီးနှင့် ထိုးလှန်ကော်ကာ စားသုံးကြခြင်းဖြင့် ဖြေရှင်းပေးနေသည်ဟု ရယ်စရာစကား ဆိုကြသည်။

ဘုရင်ကဘေးမဲ့ပေးမွေးမြူခဲ့သောကြောင့် “ဝက်တော်” ဟုခေါ်ဆိုကြသည့် ဝက်များက မြို့လုံးအနှံ့ အညစ်အကြေးအစုအပုံများကြောင့် ဝဖြီးနေကြသည်ဆို၏။

ထိုအကြောင်းကို ဆရာမြို့မငြိမ်းက မန္တလေး ၂ အမည်ရှိ သီချင်းတွင် ဤသို့စပ်ဆိုခဲ့သည်။
“ – ဘုံတွေဆင့်လို့ နာရီစင်ခေါင်မိုးတွင်
မန်းရွှေမြို့ရဲ့ ကျက်သရေတစ်မျိုးပေါ့
စုလစ်မွမ်းချွန် အာကာဝေဟင် …
ဗိသုကာအတတ်သည် မန်မာပီယဉ်ယဉ် ..
ပြည်လည်မျှော်မှန်း ဓာတ်ရထားလည်းလွမ်းလောက်တဲ့ပြင်
အဆင့်ဆင့် ဟားပေါက် မှန်မမှန်မဆိုချင်
ဝက်တော်တွေဖြီး
အမြီးလေး တနှံ့နှံ့မြင်…” ဟူလို။

ရိုးလ်ကုမ္ပဏီဘက်ဆီမှ ဈေးချိုနာရီစင်အထိ ပြေလျော့ဆင်းလာသော အာဇာနည်လမ်းမတစ်လျှောက်တွင်မူ နေရောင်၌ ဓာတ်ရထားသံလမ်းများလည်း လက်လက်ထနေသည်။ သို့သော် ထိုသံလမ်းများပေါ်၌ ဓာတ်ရထား ပြေးဆွဲခြင်းကို ၁၉၃၉ ဝန်းကျင် (သက္ကရာဇ် ၁၃၀၀ ပြည့်) ကာလလောက်ကတည်းက ရပ်နားသွားပြီဖြစ်၏။

သွယ်တန်းထားသော ဓာတ်ကြိုးတစ်လျှောက် အမိုးပေါ်ရှိလက်တံဖြင့်ထိကာ လျှပ်စစ်ဓာတ်အားဖြင့် ပြေးဆွဲရသော ဓာတ်ရထားများကို ဘာစီလိုနာ၊ မက်ဒရစ်နှင့် ကာလကတ္တားမြို့များ၌ ဖောက်လုပ်ပြေးဆွဲခဲ့သည့် လန်ဒန်မှ DickKerr & Co. Ltd of Preston, London က စတာလင်ပါင် ၂သိန်း ရင်းနှီး မတည်ပြီး မန္တလေးတွင် ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

မန္တလေး၌ပြေးဆွဲခဲ့သော ဓာတ်ရထားများမှာ တစ်ထပ်သာရှိပြီး ဘေးတံခါးများ မပါရှိသော ဟင်းလင်းဖွင့်များဖြစ်၏။ လူ ၄၈ ယောက်စီးဓာတ်ရထား ၂၄ စီးဖြင့် ပြေးဆွဲခဲ့သည်။

မန္တလေးမြို့အတွင်း ဓာတ်ရထားလမ်းမှာ ၆မိုင်ခွဲခန့် ရှည်ကာ အသွားလမ်းတစ်လမ်း၊ အပြန်တစ်လမ်း ဖောက်လုပ်ထားသည်။ ဘုရားကြီးနှင့် ရုံးကြီး၊ ရုံးကြီးနှင့် ဂေါဝိန်လမ်းနှစ်လမ်းရှိကာ ခရီးဆုံးဘူတာများကား ရှမ်းစုဘူတာ၊ မန္တလေးဂေါဝိန်ဆိပ်နှင့် ရုံးကြီးတို့ဖြစ်သည်။

မန္တလေးမြို့တွင်းဓာတ်ရထားလမ်းကို ၁၉၀၄ ခု ဇူလိုင် ၁၄ ရက်(၁၂၆၆ ခု၊ ဒုတိယဝါဆိုလဆန်း ၃ရက်)က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၈၄လမ်းတစ်လျှောက် ရှမ်းစုအထိလမ်းကိုမူ ၁၉၀၇ ခု ဇန်နဝါရီလ ၂၆ ရက်(၁၂၆၈ခု၊ တပို့တွဲလဆန်း ၁၄ရက်)နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ မန္တလေးဓာတ်ရထားလမ်းများအား ၁၉၀၄ ခုနှစ်တွင် လက်ထောက်ဘုရင်ခံ ဆာဟရူးဘာနီ(ဘန်းစ်) ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ရထားများ မန္တလေး၌ စတင်ပြေးဆွဲစဉ်အခါက …
““…မန်းမဏ္ဍလမန်စန်းနယ်မှာ၊ အံ့မခန်းဖွယ် အခင်းကြုံချက်ထူး၊ ရထားဓာတ်စက်စေနှင်မှာမူ ဝေဟင်အဇဋာညွှန်ယံဦး၊ လေယာဉ်ပမာကွန့်ပျံမြူးလိမ့်၊ အဓွန့်ကဲထူးရှိလို့သာ” ဟူ၍ ဝမ်းမြောက်ဝမ်းသာ
ကြိုဆိုအားပေးခဲ့ကြသည်။ ထို့ကြောင့်လည်း ဓာတ်ရထားကုမ္ပဏီကနောက်ပိုင်းတွင် အလယ်တံခါးပေါက်ပါသည့် ပိုမိုခံ့ညားသောပုံစံသစ် ဓာတ်ရထားများပင် ပြေးဆွဲပေးခဲ့သည်။

သို့သော် ၁၃၀၀ ပြည့်နှစ်ဝန်းကျင်၌ ရှေ့၌ ဦးခေါင်းချွန်ကြီးများပါရှိသော ဆိုက်ကားများပေါ်လာပြီး ထိုဆိုက်ကားများကိုလည်း အစီးများလာပြန်၏။

အဆိုပါဆိုက်ကားကို ညောင်ပင်ဈေးရပ်က ကားဘော်ဒီဆရာ ဆရာညှိက စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ ဆိုက်ကား တစ်စီးအတွက် ၁၂၅ကျပ်လောက်ကျသင့်သည့် ရလေးစက်ဘီးကို နောက်ထပ် ၁၀၀ကျပ်လောက် ကျသင့်သည့် ဘေးတွဲတပ်ဆင်ရုံဖြင့် ရရှိသည်။ ဟာကြူလီတံဆိပ် စက်ဘီးဆိုလျှင် ၇၀ ကျပ်လောက်နှင့် ရနိုင်သည် ဆို၏။ ထို့ကြောင့် ဆိုက်ကားများကို မြန်မာအမျိုးသားအများစု၏ တစ်ဦးချင်းစီ အသီးသီး ပိုင်ဆိုင်ကြသည့် ပုံစံဖြစ်သည်။

ထိုအခါ အင်အားကြီးအရင်းရှင်ကုမ္ပဏီကြီးက တစ်နေကုန်စီး ၃ပဲတန်လက်မှတ်များရောင်းချကာ ၃ပဲဖြင့် တစ်နေကုန် ခေါက်တုံ့ခေါက်ပြန် စီးချင်သလောက်စီး။ ထိုလက်မှတ်ဖြင့်ပင် ထိုနေ့အတွက် မည်သူ့မဆိုလက်လွှဲစီးနိုင်သည့်စနစ်ကို တီထွင်ခဲ့သည်။

သို့သော် ၁၃၀၀ပြည့်ဝန်းကျင်က အမျိုးသားရေးစိတ်ဓာတ်တံခွန် အမြင့်မားဆုံးအချိန်ဖြစ်သည်။ ထိုစိတ်ဓာတ်ဖြင့်ပင် အမျိုးသားပိုင် ဆိုက်ကားများကိုပဲ ဝိုင်းဝန်းအားပေးခဲ့သောကြောင့် အင်အားကြီး ဓာတ်ရထားကုမ္ပဏီကြီး အရှုံးပေးနောက်ဆုတ်ကာ ဓာတ်ရထားများ ဖြုတ်သိမ်းသွားရသည့် အဖြစ်အပျက်မှာလည်း မှတ်သားဖွယ်ရာ ဖြစ်ပါသည်။

တကယ်တော့ ဓာတ်ရထားဆိုသည်မှာ လျှပ်စစ်ရထားပဲမဟုတ်ပါလား။ လျှပ်စစ်ရထားကို ဆိုက်ကားက အလဲထိုးခဲ့သည်မှာ နှစ်ပေါင်း ၈၀ကျော် ကာလက ဖြစ်သည်။

#voiceofmyanmar #VOM #ဆူးငှက် #ဓာတ်ရထားနှင့်ဆိုက်ကား

Related posts

Leave a Comment

VOM News

FREE
VIEW