အကျဥ်းထောင်အသီးသီးက အမှုရင်ဆိုင်ဆဲ အချုပ်သားတွေကို ပြန်လွှတ်ပေးမယ်

ရန်ကုန်၊အောက်တိုဘာ ၂-၂၀၂၁
KK(VOM)
 
မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီးက အမှုရင်ဆိုင်ဆဲအချုပ်သားတွေကို ဒီကနေ့မှာ ပြန်လည်လွှတ်ပေးမယ်လို့ အကျဥ်းဦးစီးဌာနကနေ သိရပါတယ်။
 
” အမှုရင်ဆိုင်ဆဲ အချုပ်သားတွေကို နိူင်ငံတော်ရဲ့ထုတ်ပြန်ချက်အရ လွှတ်ပေးတာဖြစ်တယ်၊ အခုလက်ရှိလွှတ်တဲ့ အချုပ်သားတွေက ပြောရရင် ရဲကနေ အမှုစွဲတင်တဲ့သူတွေကို တရားရုံးကနေ ရမန်ပေးတယ် အဲ့ဒီရမန်နဲ့ထောင်ကိုလာအပ်တယ်၊ အကျဥ်းထောင်က အချုပ်သားကို လက်ခံတာပဲရှိတယ်၊ သူတို့ကို ဆုံးဖြတ်တာ တရားရုံကနေဆုံးဖြတ်တာ၊ အခုလွှတ်တာနဲ့ပတ်သက်ပြီး တရားရုံးကနေ သူတို့က ဒီအမှုနဲ့ပတ်သက်ပြီးရင်ဆိုင်ဖို့လည်း မရှိတော့ဘူးလို့ ယူဆတဲ့သူတွေကို ကျေအေးပြီးလွှတ်ပေးတာ”လို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က VOM ကို ပြောပါတယ်။
 
အကျဥ်းဦးစီးဌာနအနေနဲ့ တရားသူကြီးဆီက အချုပ်သားကိုအပြစ်မရှိကြောင်း လွှတ်မိန့်စာရရှိလာတဲ့အပေါ် စီစစ်ပြီး မှန်ကန်ပါက ပြန်လည်လွှတ်ပေးတာဖြစ်တယ်လို့ ဒု-ညွန်မှူး ဦးချမ်းအေးကျော်က ဆက်ပြောပါတယ်။
 
ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အပါအဝင် အကျဉ်းသား ၅၀၀၀ ကျော်ကို ဒီကနေ့ မနက်ပိုင်းမှာ ပြန်လည်လွှတ်မယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့နေပေမယ်လည်း ပြန်လွှတ်ပေးမဲ့ အချုပ်သားဦးရေအတိအကျကိုတော့ မသိရသေးဘူးလို့ ဦးချမ်းအေးကျော်ကပြောပါတယ်။
 
မနေ့ အောက်တိုဘာ ၁ရက်နေ့ ညနေပိုင်းက မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်မှာ လက်ခံချုပ်နှောင်ထားတဲ့ အချုပ်သားတွေဖြစ်တဲ့ မတ္တရာမြို့နယ် ၃၇ဦး၊ စစ်ကိုင်းမြို့နယ် ၂၄ဦး၊ မြစ်သားမြို့နယ်က၃၆ဦး၊ စဥ့်ကူးမြို့နယ်က ၂၀ဦး၊ ကျောက်ဆည်မြို့နယ်က ၄၇ ဦး၊ ပြင်ဦးလွင်က ၁၀ဦး စုစုပေါင်း အမျိုးသား ၁၆၇ဦး၊ အမျိုးသမီး ၁၇ဦး တို့ကို သက်ဆိုင်ရာတရားရုံးအသီးသီးမှ တရားလိုတွေကနေ အမှုရုပ်သိမ်းလွှာ တင်ပြခဲ့ကြလို့ ရာဇဝတ်ကျင့်ထုံးဥပဒပုဒ်မ-၄၉၄(က)အရ အမှုမှစွဲချက်မတင်မီ လွှတ်မိန့်ပေးခဲ့တယ်လို့လည်း အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
 
ရန်ကုန်မြို့က အင်းစိန်အကျဥ်းထောင်ရှေ့မှာတော့ ထောင်ပြန်လွှတ်ပေးမယ်ဆိုတဲ့သတင်းကြောင့် လာရောက်စောင့်ဆိုင်းတဲ့ မိသားစုဝင်တွေရှိနေပေမယ့် လက်တလောအချိန်ထိ ပြန်လည်မလွှတ်ပေးသေးဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်ကပြောပါတယ်။
 
#voiceofmyanmar #VOM #အချုပ်သား #အမှုရင်ဆိုင်ဆဲ #ပြန်လွှတ်ပေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW