အဆမတန်မြင့်တက်လာတဲ့ စက်သုံးဆီဈေးနှုန်းရိုက်ခတ်မှုအောက်က မုံရွာမြို့ရဲ့ အခြေခံလူတန်းစားများ

အောက်တိုဘာ ၂ -၂၀၂၁
ထွန်းတောက်(VOM)

ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ်ကစတင်ပြီး ရွှေဈေးနဲ့ဒေါ်လာဈေးတွေ စံချိန်တင်မြင့်တက်လာခဲ့သလို စက်သုံးဆီဈေးနှုန်းလည်း အဆမတန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိ မုံရွာမြို့မှာ အောက်တိုဘာ (၁) ရက်နေ့အထိ စက်သုံးဆီ‌နှုန်း တစ်လီတာကို အနိမ့်ဆုံး( ၁၆၀၀)ကျော်အထိမြင့်တက်လာခဲ့ပြီး ဆီဆိုင်တချို့မှာ ဝယ်ယူသူတွေ ပုံမှန်ထက်ပိုမိုများပြားနေပါတယ်။

အခုလို စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့အတွက် ငွေကြေးချမ်းသာတဲ့လူတန်းစားတွေကို သိသိသာသာ ထိခိုက်မှုမရှိသေးပေမယ့် တနေ့လုပ်တနေ့စား အခြေခံလူတန်းစားကိုတော့ အငတ်ဘေးက လက်ယပ်ခေါ်နေသလို ကြုံတွေ့ခံစားနေကြရပါတယ်။

တချို့အခြေခံလူတန်းစားမှာ ကျေးရွာတွေကနေ မုံရွာမြို့ပေါ်မှာရှိတဲ့ ပန်းရံ၊ လက်သမား၊ ပွဲရုံစတဲ့အလုပ်တွေမှာ ဆိုင်ကယ်နဲ့လာရောက်လုပ်ကိုင်ကြသူတွေရှိသလို ရပ်ကွက်တွေထဲမှာ ဟင်းချက်စရာ သား၊ငါး၊ကုန်စိမ်းတွေကို ဆိုင်ကယ်နဲ့လိုက်လံရောင်းချသူတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ကုန်တင်ကုန်ချအငှားလိုက်တဲ့ သုံးဘီးဆိုင်ကယ်သမားတွေနဲ့ မုံရွာ၊ဟုမ္မလင်း၊နမ်တော ပြေးဆွဲနေတဲ့ ကားသမားတွေလည်း အများအပြားရှိနေပြီး ခေတ်ကာလအခြေအနေအရ အလုပ်အကိုင်အဆင်ပြေမှုတွေ နည်းပါးပြီး ဝင်ငွေတွေနည်းပါးနေချိန်မှာ အခုလို စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်လာတဲ့အတွက် အခက်အခဲတွေတွေ့ကြုံနေကြရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ရဲ့ဝင်‌ငွေတွေ လျော့ကျသွားချိန်မှာ တဖက်က စားသောက်ကုန်ဈေးနှုန်းတွေကလည်း စက်သုံးဆီဈေးနှုန်းနဲ့အပြိုင်တက်နေတာကြောင့် ရေရှည်မှာဆိုရင် မိသားစုစားဝတ်နေတွေ ကျပ်တည်းပြီး အငတ်ဘေးနဲ့ကြုံတွေ့လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ဆီဈေး #အခြေခံလူတန်းစား

Youtube Link –

Related posts

Leave a Comment

VOM News

FREE
VIEW