စပါးတင်း ၁၀၀ ကို အနိမ့်ဆုံး ၅၄၀၀၀၀ ကျပ်သတ်မှတ်မှု တောင်သူတွေအတွက် အဆင်မပြေ

အောက်တိုဘာ၊ ၅-၂၀၂၁
GH ( VOM )
 
အခုနှစ်မိုးစပါးအတွက် အခြေခံရည်ညွန်းစျေးနူန်းအဖြစ် စပါးတင်း ၁၀၀ကို ငွေကျပ် ငါးသ်ိန်း လေးသောင်း(၅၄၀၀၀၀)သတ်မှတ်လိုက်ကြောင်း တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။
 
အဲ့ဒီလို သတ်မှတ်လိုက်တဲ့ အခြေခံစပါးစျေးနူန်းဟာ တောင်သူတွေအတွက် အဆင်မပြေကြောင်း ၊ လယ်တစ်ဧကကို စပါး ၅၀ အောက်ထွက်ခဲ့ပါက စိုက်ပျိုးစရိတ်ပင်အရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ်။
 
” မနှစ်ကထက် ၂ သောင်းပဲပိုတယ်။ မနှစ်က အခုလို ဘာမှစျေးမကြီးမြင့်ဘူး။ အခုနှစ်ဆို အကုန်စျေးတက်ကြီးပဲ။ အခုနှစ် စပါးရိတ်သိမ်းချွေအပြီး စက်က တစ်ဧကကို ၇၀၀၀၀ တောင်းတယ်။မနှစ်က ၅၀၀၀၀ ပဲရှိတာ။ လယ်တစ်ဧက စပါး ၅၀ ထွက်မှ ၂၇၀၀၀၀ရမယ်ဗျာ၊ အဲ့ဒီိနူန်းအောက်လျော့ရင် သေပြီပဲ။မနှစ်ကဆို ၄၀ ပဲထွက်တယ်။ ငွေအတိုးနဲ့ လယ်လုပ်ရတာရှိတယ်၊ ရှိတာပေါင်နှံ လယ်စိုက်ရတဲ့သူရှိတယ်၊ဒီစပါးစျေးနဲ့တော့ ဒီထက်မွဲဖို့ပဲရှိတယ်၊ အနိမ့်ဆုံးစပါးစျေးက ၆ သိန်းလောက်ကိုဖြစ်နေမှ အဆင်ပြေမယ် ။ ” လို့ စပါးစိုက်တောင်သူတယောက်ကပြောပါတယ်။
 
စပါးစိုက်ခင်း တစ်ဧကအတွက် ကုန်ကျစရိတ်က လယ်ထွန်ယက်ခ ၄၀၀၀၀၊ မြက်နူတ်ခ ၂၀၀၀၀၊ ရေတင်ခ ၂၅၀၀၀ ၊ မျိုးစပါး ၁၀၀၀၀ ၊ မြေသြဇာ ၅၀၀၀၀ ကျပ်၊ စပါးရိတ်ချွေစက်ဖိုး ၇၀၀၀၀ ကျပ် ၊ စပါးသယ်ခ ၈၀၀၀ ကျပ်နဲ့ အထွေထွေ အလုပ်သမားငှားရမ်းခစရိတ်တွေ ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။
 
” စပါး တစ်ဧက ၁၀၀ ထွက်တဲ့လယ် မရှိတော့ပါဘူး။ အကောင်းဆုံးလယ် ၉၀ ထွက်၊ နောက် ၇၀ ၊ ၈၀ ၊ ရှိမယ်။ ၃၀ ပဲထွက်တဲ့ လယ်လည်းရှိတယ်။တနှစ်ထက်တနှစ်တော့ စပါးပိုပြီးထွက်လာတယ်ဆိုတာ မရှိပါဘူး။အခုနှစ်ပိုဆိုးတယ် မိုးကမရွာရေမရလို့ မြေသြဇာပက်နောက်ကျ၊မြေသြဇာတွေက စျေးကြီး၊ရေတင်ခကုန်ရ၊ အခုကျတော့လည်းရွာလိုက်တဲ့မိုး ” လို့ ပဲခူးတိုင်းထဲက စပါးစိုက်တောင်သူတယောက်ကပြောပါတယ်။
 
ဈေးသက်မှတ်လိုက်သူတွေကတော့ စပါး တင်း ၁၀၀ ကို ၅၄၀၀၀၀ ထက်လျော့ပြီး ဝယ်ယူခြင်းမပြုဖို့
အနိမ့်ဆုံးစျေး သတ်မှတ်လိုက်တာဖြစ်ပြီး သတ်မှတ်ချက်အနေနဲ့ စပါးက အစိုဓာတ် (၁၄)% နဲ့ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တစ်တင်း (၄၆) ပေါင်ကိုက် စပါး တင်း(၁၀၀) ဖြစ်ရမယ်လို့ သိရပါတယ်။
 
မနှစ်က မိုးစပါး ပေါ်ချိန်မှာတုန်းကလည်း စပါးတင်း ၁၀၀ ကို အနိမ့်ဆုံး ငါးသိန်း နှစ်သောင်း(၅၂၀၀၀၀)ကျပ်နဲ့ ဝယ်ယူဖို့ သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ မိုးစပါးစိုက်ဧကတွေကို စတင်ရိတ်သိမ်းနေကြပြီး စပါးစျေးနူန်းကတော့ စပါးအမျိုးအစားပေါ်မူတည်ပြီး ဝယ်ယူနေကြတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #စပါးဈေးသက်မှတ်မှု #တောင်သူတွေအဆင်မပြေ

Related posts

Leave a Comment

VOM News

FREE
VIEW