မုံရွာ ရေနံချက်ဖိုတွေ ကုန်ကြမ်းရှားပြီး စျေးကွက် မတည်ငြိမ်တာကြောင့် အားလုံးနီးပါး ရပ်ထားရ

အောက်တိုဘာ ၊ ၈ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာရေနံချက်ဖိုတွေဟာ ရေနံစိမ်း ဝင်ရောက်မှုမရှိတာနဲ့ ရေနံစျေးကွက် မတည်ငြိမ်တာကြောင့် ချက်ဖိုအားလုံးနီးပါး ရပ်နားထားကြတယ်လို့ ရေနံချက်လုပ်ငန်းရှင်များအဖွဲ့ရဲ့ အဖွဲ့ဝင်တွေက ပြောပါတယ်။
 
” ရေနံစိမ်း ကုန်ကြမ်းဝင်ရောက်တာ မရှိဘူး ၊ ကုမ္မဏီတွေကလည်း ကုန်ကြမ်းစျေးကို မဖွင့်ဘူး ၊ ချက်ဖို ၄ ရာကျော်ရှိတာ ကုန်ကြမ်းမပြတ်သေးတဲ့ ၁၀ ဖိုလောက်ပဲ လက်ကျန်လေးနဲ့ ချက်နေကြတာ၊ ချက်ဖို အားလုံးနီပါး နားထားရတယ် ” လို့ ရေနံချက်ဖိုလုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
မုံရွာ -ကျောက္ကာ ရေနံချက်လုပ်ငန်းဆိုတာ မကွေးတိုင်း၊ သရက်-မင်းတုန်း-မင်းလှ-ပေါက်-မြိုင် စတဲ့နယ်တွေက ထွက်ရှိလာတဲ့ ရေနံစိမ်း ကုန်ကြမ်းတွေကို ဝယ်ယူပြီးဓာတ်ဆီ နဲ့ ဒီဇယ်ဆီ အမျိုးမျိုးကို ကုန်​ချောအဖြစ် ထုတ်လုပ်ကာ တနိုင်ငံလုံးနေရာအနှံ့ ဖြန့်ဖြူးရောင်းချပေးတဲ့လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။
 
” ကုမ္မဏီကြီး လေး၊ငါးခုရှိတယ် ၊ သူတို့က ကုန်ကြမ်းစျေးကို ဖွင့်မပေးသလို ကုန်ကြမ်းတင်ပို့တာလည်း မရှိဘူး ၊ အရင်က ရေနံစိမ်း ဂါလံ ၈ ထောင်ကားတွေ အစီး တစ်ရာဝန်းကျင်း ကျောက္ကာကို နေ့တိုင်းဝင်တယ် ၊ အခု အဲ့ဒီ ရေနံစိမ်း ကုန်ကြမ်းကားတွေ အဝင်မရှိတာ လနဲ့ချီရှိနေပြီဆိုတော့ ကျောက္ကာမှာ ကုန်ကြမ်းပြတ်ပြီး ချက်ဖိုတွေ နားထားရတာပါ” လို့ ချက်ဖိုလုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
ဒါ့အပြင် ကျောက္ကာ ဆီပွဲစားတယောက်ကလည်း ” ကုန်ချော (စက်သုံးဆီ အမျိုးမျိုး)မရလို့ ဖြန့်မပေးနိုင်ဘူး ၊ လက်ကျန်ပစ္စည်းကလည်း အရမ်းကို နည်းနေတော့ မျှတပြီး ထိန်းပေးနေရတယ် ၊ နယ်ဖြန့်ဖြူးရောင်းချတဲ့သူတွေဆိုတာ ကုမ္မဏီအပေါ်မှာ မူတည်နေရတာ ၊ ကုမ္မဏီတွေက ဆီထုတ်မပေးတော့ဘူးဆိုရင် နယ်က ဖြန့်ဖြူးရောင်းချဖို့ အဆင်မပြေဘူး ၊ ကုမ္မဏီတွေက ကုန်ကြမ်းပေးတာလည်း မရှိသလို ကုန်ချောစျေးကွက်လည်း ဖွင့်မပေးဘူး ၊ အဲ့ဒီတော့ နယ်ဘက်တွေမှာ ဆက်သွားလို့မရတာကြောင့် ဆိုင်တချို့ပိတ်ထားတယ် ” လို့ ပြောပါတယ်။
 
ကျောက္ကာ ရေနံချက်လုပ်ငန်းက ထွက်ရှိလာတဲ့ ကုန်ချောစက်သုံးဆီတွေကို အမှီပြုနေရတဲ့ ချင်းတွင်းမြစ်ကြောင်းက ဆီဆိုင်တွေနဲ့ ရွှေသတ္ထုတူးဖော်ရေး လုပ်ငန်းတွေဟာ အခုလ ၁ ရက်နေ့နောက်ပိုင်း အမှာကုန် ဆီတွေ အလုံအလောက် မရတာကြောင့် လုပ်ငန်းတွေ ယာယီနားထားကြရတာဖြစ်ပါတယ်။
 
” ရေနံစျေးကွက်ဆိုတာ ကမ္ဘာ့ဆီစျေးကွက်ကို အမှီပြုရတာရှိသလို ပြည်တွင်း ဆီစျေးကွက်ကို အားထားရတာလည်းရှိတယ် ၊ကမ္ဘာ့ဆီစျေးကွက်ကြောင့် အခြေပြုတဲ့ စျေးနူန်းပြဿနာဆိုရင် အိမ်နီးချင်နိုင်ငံတွေလည်း အဲ့ဒီ ရိုက်ခတ်တဲ့ဒဏ်ကို အလူးအလဲခံကြရမှာပါ ၊ ပြည်ပက ဆီတွေ အဝင်နှေးသွာတာနဲ့ နိုင်ငံတကာ ငွေကြေး စျေးနူန်း ပြည်တွင်းမှာ ကမှောက်ကမ ဖြစ်တာကြောင့် ဆီတင်သွင်းနေတဲ့ ကုမ္မဏီကြီးတွေက အကြပ်ရိုက်စေတာဖြစ်နိုင်တယ် ” စစ်ကိုင်းတိုင်း ဆီလုပ်ငန်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
 
ဒီကနေ့ စစ်ကိုင်းတိုင်းရဲ့ စက်သုံးဆီစျေးကွက်ဟာ သယ်ယူပို့ဆောင်ရတဲ့ နေရာဒေသတွေရဲ့ အခက်အခဲအလိုက် စျေးနူန်းကွာဟမှုတွေဖြစ်နေပါတယ် ။
 
မုံရွာမြို့မှာ ဒီကနေ့ မနက် 92 ဓာတ်ဆီ ၁ ဂါလံကို ၇ ထောင်ဝန်းကျင် စျေးပေါက်ပေမယ့် ခန္တီးနဲ့ ဟုမ္မလင်းနယ်ဘက်တွေမှာတော့ ၁ ဂါလံကို ၁ သောင်းနဲ့ မျှတရောင်းနေရတဲ့ ဆိုင်တွေရှိတယ်လို့ သိရပါတယ်။
 
ပုံစာ -မုံရွာဒေသက ရပ်နားထားရတဲ့ ရေနံချက်ဖို
#voiceofmyanmar #VOM #မုံရွာ #ရေနံချက်ဖို #ကုန်ကြမ်းရှား #ရပ်နားထားရ

Related posts

Leave a Comment

VOM News

FREE
VIEW