စစ်ကိုင်းတိုင်းမှာ စစ်မှုထမ်းဟောင်းတွေသာမက စစ်မှုထမ်းဟောင်း မိသားစုဝင်တွေပါ အသတ်ခံရ

အောက်တိုဘာ ၊ ၉ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၃၇ မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းက စလို့ အခုလ ၈ ရက် မနေ့ကအထိ စစ်မှုထမ်းဟောင်းတွေတင်မက သူတို့ရဲ့ မိသားစုဝင်တွေပါ အသတ်ခံရတာကြောင့် သေဆုံးသူ ၁ ဒါဇင်အထက် မနည်းရှိသွားပြီလို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
 
အဲ့ဒီလို စစ်သားအငြိမ်းစားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အသတ်ခံရတာနဲ့ ပတ်သက်လို့ မုံရွာမြို့ခံ တစ်ယောက်ပြောပြတာက
 
” မနေ့ (အောက်တိုဘာ ၈) က နေ့ခင်း ၁ နာရီလောက်မှာ မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်းနဲ့ တေဇလမ်းထောင့်နားက ကွမ်းယာရောင်းနေတဲ့ ခလရ ၅၀ တပ်က ၊ တပ်ထွက် စစ်သားအငြိမ်းစား ဦးစံရီ ဆိုတဲ့သူရဲ့သား ဦးတင့်ဇော် ခေါ် ကိုဖက်တီး ၊ သေနတ်နဲ့ ပစ်သတ်ခံရတာ ” လို့ ဖြစ်ပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်း(စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီခွဲ အချိန်)ကလည်း မုံရွာမြို့ ရတနာပုံရပ်ကွက်နဲ့ လယ်တီရပ်ကွက်အကြား သပြေပင်တောရ ဘုန်းကြီးကျောင်းလမ်းမှာ မုံရွာမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦးသန်းဌေး ဆိုတဲ့သူ သေနတ်နဲ့ ပစ်သတ်ခံရပါသေးတယ်။
 
” မုံရွာမှာ အခုရက်ပိုင်းအတွင်း အသတ်ခံရတဲ့ အငြိမ်းစား စစ်သားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ၅ ဦးထက်မနည်းရှိတယ် ၊ အဲ့ဒီထဲက အတည်ပြုလို့ရတာ ၃ ဦးရှိတယ် ” လို့ မုံရွာမြို့ခံ သတင်းအရင်းအမြစ် တစ်ယောက်က ပြောပါတယ်။
 
စစ်ကိုင်းတိုင်းထဲမှာ စစ်မှုထမ်းဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အခုလို အသတ်ခံနေရတာ မုံရွာ ၁ မြို့ထဲမှာတင် မက ကျန် တခြားမြို့နယ်တွေ ဖြစ်တဲ့ ကောလင်း ၊ ကန့်ဘလူ ၊ ခင်ဦး ၊ မြောင် ၊ တန့်ဆည် ၊ ကလေး ၊ မင်းကင်း ၊ ကသာ နဲ့ ပုလဲ စတဲ့ မြို့နယ်တွေမှာလည်း အလားတူ အသတ်ခံရတဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်တွေထဲက ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် မနက် ၉ နာရီလောက်မှာ ကောလင်မြို့နယ် စွယ်ရ ကျေးရွာအုပ်စု ၊ မုတ်ဝ ကျေးရွာက စစ်မှုထမ်းဟောင်း ဦးမြသောင်း အသက် ၅၅ နှစ်ဆိုသူဟာ သူ့ရဲ့ညီမ အိမ်ကို အလည်သွားရင်း ရွာလယ်လမ်းမပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ခင်ဦးမြို့နယ် ပျဥ်ထောင်ရွာဘက်မှာ မိသားစုလိုက် အသတ်ခံရလို့ သေဆုံးသွားတဲ့ လူ ၃ ယောက်ထဲမှာ အသက် ၆ နှစ်အရွယ် စစ်သားတစ်ယောက်ရဲ့ သမီးဖြစ်တဲ့ ကလေးတစ်ယောက် ပါဝင်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
အဲ့ဒီလို စစ်မှုထမ်းဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင် အသတ်ခံရတာနဲ့ ပတ်သက်လို့ ၂၀၂၁ နိုင်ငံရေးဖြစ်စဥ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံရေး သုတေသီ ပညာရှင် တစ်ဦးပြောတာက
 
” နယ်မြေရှင်းလင်းရေး လုပ်ငန်းစဥ်တွေကို စစ်တပ်နဲ့ အရပ်ဘက် ၊ ဘက် ၂ ဘက်စလုံးက လုပ်လာတွေ ခပ်စိပ်စိပ် တွေ့လာရတယ် ၊ အရပ်ဘက်ကလည်း မြို့တွင်း ပြောက်ကျားစနစ်နဲ့ ဆန့်ကျင်တိုက်ခိုက်မယ်လို့ အင်တာနက် လူမှုကွန်ရက်တွေပေါ်ကနေ ပေါ်ပေါ် တင်တင် ရေးသားထားတယ် ၊ အဲ့ဒီ မြို့တွင်း ပြောက်ကျား စနစ်ကို စစ်တပ်ဘက်က တန်ပြန်ရှင်းလင်းတဲ့အခါ ပြည်သူ့စစ် မဟာဗျူဟာ နည်းကို အသုံးပြု့လာတဲ့ အခြေအနေမှာရှိလာတယ် ၊ အဲ့ဒီ ပြည်သူ့စစ် မဟာဗျူဟာထဲမှာ စစ်မှုထမ်းဟောင်းတွေ နှီးနွှယ်ပါဝင်နေတယ်လို့ တဖက်က ယူဆမိဟန်နဲ့တူတယ် ၊ အဲ့ဒါကြောင့် အခုလို စစ်မှုထမ်းဟောင်းတွေနဲ့ မိသားစုဝင်တွေ အသတ်ခံရတာ ဖြစ်နိုင်ချေရှိတယ် ” လို့ သူရဲ့ ထင်မြင်ယူဆချက်ကို သုံးသပ်ပါတယ်။
 
စစ်ကိုင်းတိုင်က စစ်မှုထမ်းဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ဘာကြောင့် အသတ်ခံရတယ် ဆိုတာနဲ့ ဘယ်သူတွေက သတ်တယ်ဆိုတာ VOM က သီးခြား အတည်ပြုပေးနိုင်တာမျိုး တစုံတရာ မရှိပါဘူး။
 
#voiceofmyanmar # VOM #စစ်မှုထမ်းဟောင်း #စစ်ကိုင်းတိုင်း
 
ပုံစာ ၊ စစ်မှုထမ်းဟောင်း တစ်ယောက်ကို မြင်ရပုံ

Related posts

Leave a Comment

VOM News

FREE
VIEW