မုံရွာမြို့နယ်ထဲက လက်ယက်ကန်းလုပ်ငန်းတွေ ချည်ဈေးမြင့်တက်မှု့နဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ရပ်နားရဖွယ်ရှိနေ

အောက်တိုဘာ ၁၁-၂၀၂၁
ထွန်းတောက်(VOM)

မုံရွာမြို့နယ်ထဲက ကျောက်စစ်ပုံတောင်ရွာ၊မြောက်ရွာ၊ ခိုးသန်း၊ တောင်ပုလူ၊ ကျွဲရဲ စတဲ့ရွာပေါင်း (၂၀) ကျော်မှာ တပိုင်တနိုင်လက်ယက်ကန်းလုပ်ငန်းကို အများအပြားလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

လက်ယက်ကန်းလုပ်ငန်းဟာ အဲ့ဒီဒေသမှာ မိရိုးဖလာ လုပ်ငန်းတခုလိုဖြစ်နေပြီး ယောက်ျားလေးရော မိန်းကလေးပါလုပ်ကိုင်လို့ရတဲ့ လုပ်ငန်းတခုလည်းဖြစ်ပါတယ်။

အဲ့ဒီလက်ယက်ကန်းလုပ်ငန်းတွေမှာ ပြည်တွင်းဈေးကွက်ကိုတင်ပို့ရောင်းချတဲ့ ရိုးရိုးဗလာချည်ထည်တွေကို ယက်လုပ်ကြသလို ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချတဲ့ တိုင်းရင်းသားရိုးရာ ပွင့်ကောက်ဒီဇိုင်းထွင်ချည်ထည်တွေကိုလည်း ယက်လုပ်နေကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ချည်ဈေးတွေအဆမတန်မြင့်တက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပြည်တွင်းဈေးကွက်ကို တင်ပို့ရောင်းချတဲ့ ရိုးရိုးဗလာချည်ထည် ယက်ကန်းခုံတွေရပ်နားထားရပြီး ပြည်ပကိုတင်ပို့တဲ့ တိုင်းရင်းသားရိုးရာ ဝတ်စုံတွေယက်လုပ်တဲ့ ယက်ကန်းခုံတချို့သာ ယက်လုပ်နေကြရတာဖြစ်ပါတယ်။

ဒီတိုင်းရင်းသားရိုးရာချည်ထည်တွေကို ရက်လုပ်တဲ့နေရာမှာ ဒီဇိုင်းဖော်တဲ့သူ (ယက်ကန်းအခေါ် ဖဲနှပ်ကောက်သူတွေ)အနေနဲ့ ယက်ကန်းတခုံ ဖဲနှပ်ကောက်တဲ့နေရာမှာ လုပ်အားခကို ဒီဇိုင်းပေါ်မူတည်ပြီး (၄) သောင်းကနေ (၃)သိန်းခွဲအထိရရှိကြသလို ယက်ကန်းခတ်သူတွေမှာလည်း လုံချည်တကွင်းကို (၁၀၀၀၀)ကနေ (၂၅၀၀၀)အထိရရှိကြတယ်လို့ ပြောကြပါတယ်။

ဒီယက်ကန်းခုံတွေက ထွက်ရှိတဲ့ ချည်ထည်တွေကိုတော့ အိန္ဒိယနိုင်ငံ နယ်စပ်မြို့တွေဖြစ်တဲ့ မီဇိုရမ်ပြည်နယ် အိုင်ဇောမြို့ ၊ မိုးရေး၊ မဏီပူ၊ အင်ဖာ စတဲ့မြို့တွေကို တင်ပို့ရောင်းချနေကြတာဖြစ်ပြီး လုံချည်တကွင်းကို အနိမ့်ဆုံး သောင်းကျော်ကနေ သိန်းကျော်အထိတင်ပို့ရောင်းချရတယ်လို့ ယက်ကန်းလုပ်ငန်းတည်ထောင်သူတဦးကပြောပါတယ်။

လက်ရှိမှာ ဒီတိုင်းရင်းသားဝတ်စုံ ချည်ထည်တွေကလည်း ပြည်ပဈေးကွက်မှာ အရောင်းအဝယ်ကောင်းမွန်နေပေမယ့် ပြည်တွင်းက ချည်ဈေးမြင့်တက်လာမှုတွေ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ၊ ငွေထုတ်ငွေလွှဲအခက်အခဲတွေကြောင့် ကြာလာရင်ရပ်နားရဖွယ်ရှိနေတယ်လို့လည်း ပြောနေကြပါတယ်။

ဒါ့ကြောင့် ဒီယက်ကန်းလုပ်ငန်းတွေ ရပ်နားသွားခဲ့ရင် ဒီလုပ်ငန်းကိုအမှီပြုနေတဲ့ ယက်ကန်းခတ်သမားတွေ၊ ဖဲနှပ်ကောက်ပညာရှင်တွေ အလုပ်လက်မဲ့ဖြစ်လာမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ယက်ကန်းလုပ်ငန်း

Youtube Link – https://youtu.be/I0WDPRlsAus

Related posts

Leave a Comment

VOM News

FREE
VIEW