ရန်ကုန်က မြို့နယ်အချို့မှာ ပြီးခဲ့တဲ့ ၁၀ရက်အတွင်း ဗုံးပေါက်ကွဲမှု အကြိမ် ၆၀ကျော်နဲ့ သေဆုံးသူတွေရှိခဲ့

ရန်ကုန်၊အောက်တိုဘာ ၁၀-၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ အောက်တိုဘာ ၁ရက်နေ့ကနေ ၁၀ရက်နေ့အထိ ဗုံးပေါက်ကွဲမှု ၆၁ကြိမ်ဖြစ်ခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဖြစ်ပွားရာမြို့နယ်တွေက သိရပါတယ်။
 
ဗုံးပေါက်ကွဲခဲ့တဲ့မြို့နယ်တွေဟာ လှိုင်၊ကမာရွတ်၊အင်းစိန်၊မြောက်ဥက္ကလာ၊လှိုင်သာယာ၊၊လှည်ကူး၊သာကေတ၊ဒေါပုံ၊တောင်ဒဂုံ ၊ကော့မှုး၊ကွမ်းခြံကုန်း၊တွံတေး၊မင်္ဂလာဒုံ၊ဒလ၊ရန်ကင်း၊ဗဟန်း၊မြောက်ဒဂုံ၊ရွှေပြည်သာ၊မှော်ဘီ၊အစရှိတဲ့ ၁၉မြို့နယ်မှာ ဗုံးပေါက်ကွဲမှု ၆၁ကြိမ်ဖြစ်ခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
 
ဗုံးပေါက်ကွဲမှုတွေရှိခဲ့သလို မြို့နယ်အချို့မှာလည်း မပေါက်ကွဲသေးတဲ့ ဗုံးတွေကို စစ်တပ်နဲ့ရဲတွေက ၁၀ကြိမ်ထပ်မနည်း ရှင်းလင်းသွားခဲ့သေးတယ်လို့ သိရပါတယ်။
 
ဒီကနေ့ အောက်တိုဘာ ၁၀ရက်နေ့ မနက်ပိုင်းမှာ သာကေတမြို့နယ်၊ ( ၄ ) ရပ်ကွက်အနီး ရှုခင်းသာလမ်းမပေါ်က ရေတပ်စခန်းအနီးမှာ ဗုံး(၂)ကြိမ်ပေါက်ကွဲခဲ့ပြီး စစ်သား(၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပေမယ့် VOMအနေနဲ့ သီခြားအတည်မပြုနိုက်သေးပါဘူး။
 
ဒေါပုံမြို့နယ် သင်္ဘောကျင်းနဲ့ သာကေတမြို့နယ်၊သန်လျင်မြို့နယ်တွေမှာ မနေ့ အောက်တိုဘာ ၉ရက် မနက်ပိုင်းက ဌာနဆိုင်ရာရုံးတွေ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
 
အလားတူ မနေ့ညပိုင်းကလည်း လှိုင်မြို့နယ်၊(၉) ရပ်ကွက်၊ အင်းစိန်လမ်းနှင့် ရွာမလမ်းထောင့်မြန်မာ့ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းမြို့နယ်ရုံး၊ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ Mytel ရုံးချုပ်ဝင်ပေါက်၊ကမာရွတ်မြို့နယ်(၂)ရပ်ကွက်၊ ပြည်လမ်းနှင့် အင်းယားလမ်းထောင့်ယာဉ်ထိန်းရုံအနီးမှာ ဗုံး(၄)ကြိမ်ပေါက်ခဲ့ပါသေးတယ်။
 
“ညက ကမာရွတ်မှာ ဗုံးပေါက်တာတော့ တဦးဖမ်းခံရတယ်လို့ ကြားတယ်၊ မြကန်သာဘက်မှာ ရဲစခန်းမှာချုပ်ထားတယ်”လို့ ကမာရွတ်မြိုခံတဦးက ပြောပါတယ်။
 
အောက်တိုဘာ ၁ရက် ကနေ ၁၀ရက်အတွင်း မြို့နယ်အများစုက ဗုံးပေါက်ကွဲရာ နေရာတွေမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ စစ်တပ်ပိုင်စက်ရုံတွေနဲ့ ယာဥ်ထိန်းရုံးတွေ၊ Mytelတာဝါတိုင်တွေမှာ ဗုံးပေါက်ကွဲခဲ့လို့ စစ်သား၊ ရဲ တွေနဲ့ အရပ်သားတွေ ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။
 
လှိုင်မြို့နယ်မှာ အောက်တိုဘာ ၈ရက်နေ့က ဗုံးပေါက်ကွဲတာနဲ့ပတ်သက်ပြီး မြို့ခံတစ်ဦးက “လှိုင်မှာဆို ၉ရပ်ကွက်ရုံးကို ဗုံးနဲ့ပစ်တာ မြို့နယ်မှူး၊ စခန်းမှူး၊ ရဲတပ်သားတဦး ဒဏ်ရာရတယ်၊ အရပ်သားတဦး လက်ပြတ်သွားတယ်”လို့ ပြောပါတယ်။
 
အလားတူ အဲ့ဒီနေ့မှာပဲ မှော်ဘီမြို့နယ်က ကြံ့ခိုင်ရေးရုံး၊mytel တာဝါတိုင်တွေ စစ်တပ်ပိုင် အုတ်စက်ရုံနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးပေါက်ခဲ့ပါသေးတယ်။
 
အများဆုံး ဗုံးပေါက်ကွဲတဲ့ မြို့နယ်တွေကတော့ လှိုင်သာယာ၊ရွှေပြည်သာ၊မြောက်ဥက္ကလာ ၊သာကေတမြို့နယ်တို့ဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဗုံးပေါက်ကွဲရာမြို့နယ်တွေကနေ သိရပါတယ်။
 
ဒါ့အပြင် ဗုံးပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေကြောင့် ခရမ်းမြို့နယ်နဲ့ သုံးခွမြို့နယ်တို့မှာ ရပ်ကျေးအုပ်
ချုပ်ရေးမှူး ၅၆ဦး နှုတ်ထွက်စာတင်ခဲ့ကြတာလည်းရှိပါတယ်။
 
လှည်းကူး၊မြောက်ဒဂုံ၊ခရမ်း၊ကော့မှုးနဲ့ကွမ်းခြံကုန်း၊သာကေတတို့မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ အရပ်သား၃ဦးပြည်ခိုင်ဖြိုးပါတီဝင်၁ဦး၊ရဲအရာရှိ ၁ဦး သေဆုံးခဲ့ပြီး ကော့မှုးမြို့နယ်မှာ နှစ်ဖက်ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး အပါအဝင် လူ(၃)ဦးနဲ့ စစ်သား(၄)ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
ပြီးခဲ့တဲ့လတွေကလည်း ရန်ကုန်တိုင်းရှိ မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရရှိသူတွေ နဲ့ သေဆုံးခဲ့သူတွေလည်းရှိပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW