သံတွဲမှာ လူမှုရေးတွေ လုပ်ဆောင်နေသူ(၁)ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၁၀- ၂၀၂၁
HAS (VOM)
 
ရခိုင်ပြည်နယ်၊ သံတွဲမြို့က လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ ဦးစိန်ချစ် ဆိုသူကို မနေ့ အောက်တိုဘာ ၉ ရက်နေ့ ည ၁၀ နာရီကျော်လောက်မှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
 
ဦးစိန်ချစ်ရဲ့ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက ” လောလောဆယ် ဦးစိန်ချစ်နဲ့ပတ်သက်ပြီး ဘာသတင်းမှ မကြားရသေးပါဘူး။ သူနဲ့ အဆက်အသွယ်လည်း မရသေးပါဘူး။ လာဖမ်းတဲ့လူတွေက အရပ်ဝတ်တွေနဲ့ မေးစရာရှိလို့ဆ်ိုပြီး ခေါ်သွားကြတယ်။”လို့ ပြောပါတယ်။
 
အခုလက်ရှိ ပြည်နယ်တွင်းက သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဦးစိန်ချစ်ဟာ သံတွဲမြို့နယ်ထဲက စစ်တပ်နယ်မြေမှာ ထိန်းသိမ်းခံထားရပြီး သူ့ကို သံတွဲတပ်နယ်တစ်ခုကနေ အကြမ်းဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။
 
ဦးစိန်ချစ်ရဲ့ဇနီးဖြစ်သူအနေနဲ့လည်း ဒီကနေ့မနက်ပိုင်းအထိ သံတွဲမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့သာသိရပြီး လက်ရှိ ဦးစိန်ချစ်ကို ဖမ်းဆီးထားတဲ့နေရာ အတိုအကျမသိသေးဘူးလို့ ပြောပါတယ်။
 
” ဒီနေ့ သူ့(ဦးစိန်ချစ်)ကို သံတွဲတရားရုံးမှာ ရမန်ယူမယ်လို့သိရတယ်၊ တနင်္ဂနွေဆိုတော့ ဘယ်အချိန်လည်းမသိရဘူး။ တရားရုံးကလည်း ဘာမှအကြောင်းပြန်တာမရှိသေးဘူး။” လို့ ဦးစိန်ချစ်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
 
ဦးစိန်ချစ် ဖမ်းဆီးခံရတာနဲ့ဆက်စပ်ပြီး သံတွဲမြို့နယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ရာမှာတော့ စခန်းမှူးမရှိသေးဘူးဆိုတဲ့အတွက် မေးမြန်လို့ မရခဲ့ပါဘူး။
 
ဦးစိန်ချစ်ကို အခုလိုမျိုး ဖမ်းဆီးသွားတဲ့အပေါ် မပြောပြတတ်အောင်စိုးရိမ်ပြီး သူ့ကိုအမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုတယ်လို့ မိသားစုက ပြောပါတယ်။
 
ဦးစိန်ချစ်ဟာ လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲမှာ ရခိုင့်ဦးဆောင်ပါတီ(AFP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #သံတွဲ

Related posts

Leave a Comment

VOM News

FREE
VIEW