မတ်ပဲစျေးကွက် အတက်အကျကြမ်းနေပြီး အရောင်းအဝယ်မရှိဖြစ်နေ

အောက်တိုဘာ ၁၂-၂၀၂၁
GH ( VOM)
 
မတ်ပဲစျေးနူန်း အခုတပတ်ကျော်အတွင်း စျေးနူန်း အတက်အကျ ကြမ်းနေပြီး အရောင်းအဝယ်မရှိဖြစ်နေတယ်လို့ မတ်ပဲစျေးကွက်ကနေ သိရပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်လောက်မှာ မတ်ပဲစျေး တစ်တင်းကို ၇၁၀၀၀ အထိ စျေးပေါက်ခဲ့ရာကနေ မနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ မတ်ပဲတတင်းကို ၄၉၅၀၀ ကျပ်အထိ စျေးကျဆင်းခဲ့ပြီး ဒီကနေ့မှာတော့ မတ်ပဲတတင်းကို ကျပ် ၅၀၀၀၀ နဲ့ ၅၆၀၀၀ကြား စျေးပေါက်တယ်လို့ သိရပါတယ်။
 
” စျေးကျသွားတာဟုတ်တယ်။ အခုစျေးကွက်က အဝယ်ပဲရှိတယ် အရောင်းမရှိဘူး။ ဒေါ်လာစျေး အတက်အကျအပေါ်မူတည်ပြီး မတ်ပဲစျေးကဖြစ်နေတာပေါ့။ အခုတော့ ဆက်တိုက်ကိုကျလာတယ်။ မနေ့ကဆို ၄၉၅၀၀ ပေါက်တယ်။ “လို့ ဟင်္သာတကုန်စည်ဒိုင်မှ တာဝန်ရှိသူတဦးကပြောပါတယ်။
 
လက်ရှိ မတ်ပဲဟာ စျေးကွက်ထဲမှာ စျေးနူန်းအတက်အကျ တည်ငြိမ်မှုမရှိတာကြောင့် အရောင်းအဝယ်မရှိဘဲ ငြိမ်နေကြောင်း၊မတ်ပဲ လက်ဝယ်ရှိတဲ့တောင်သူတွေကလည်း ထုတ်မရောင်းသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။
 
” စျေးထပ်တက်မလားဆိုပြီးစောင့်နေတာ ၊ အခုပြန်တောင်ကျလာလို့ စိတ်ညစ်နေရတယ်။ ထုတ်ရောင်းရမလား မရောင်းရဘူးလား မသိသေးဘူး။စျေးကွက်အခြေအနေကိုတော့ စောင့်ကြည့်နေတယ်။ထပ်တက်လာရင်တော့ ထုတ်ဖို့စဉ်းစားထားတယ်။ ” လို့ မတ်ပဲစိုက်တောင်သူတဦးကပြောပါတယ်။
 
မတ်ပဲနဲ့ ပဲမျိုးစုံ စျေးအတက်အကျဟာ ဒေါ်လာစျေးအတက်အကျပေါ် အဓိကမူတည်ကြောင်း၊ ဒေါ်လာငွေပြင်ပပေါက်စျေး ၂၇၀၀ လောက်ဖြစ်ချိန်မှာ မတ်ပဲ တစ်တင်း ကျပ် ၇၀၀၀၀ ကျော်အထိ စျေးပေါက်ခဲ့တာဖြစ်ပြီး လက်ရှိဒေါ်လာပြင်ပပေါက်စျေးက ၂၂၀၀ ဝန်းကျင်လောက်အထိ ဖြစ်သွားချိန်မှာ မတ်ပဲစျေးက ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ မိုးစပါးတွေရိတ်သိမ်းမှုစတင်နေပြီး မကြာခင်မှာ မတ်ပဲတွေ စတင်စိုက်ပျိုးကြဖို့ ပြင်ဆင်နေကြပြီလို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #မတ်ပဲ #ဈေးကွက်မတည်ငြိမ် #အရောင်းအဝယ်မရှိ

Related posts

VOM News

FREE
VIEW