‘ဥပဒေနဲ့အညီပဲလုပ်သင့်တယ် အာဏာမသိမ်းသင့်ဘူးလို့’ဒီကနေ့ရုံးချိန်းမှာ ဦးဝင်းမြင့်ပြော

နေပြည်တော်၊ အောက်တိုဘာ ၁၂-၂၀၂၁
KT(VOM)
 
ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဒီကနေ့မနက် ရုံးထုတ်စစ်ဆေးမှုမှာ သမ္မတဟောင်း ဦးဝင်းမြင့်က အဓိကစစ်မေးချက်မှာ ‘ဥပဒေနဲ့အညီပဲလုပ်သင့်တယ် အာဏာမသိမ်းသင့်ဘူးလို့’ပြောခဲ့တယ်လို့ သိရပါတယ်။
 
တရားလွှတ်တော်ရှေ့နေတဦးက “ဦး၀င်းမြင့်ရဲ့အဓိကထွက်ဆိုချက်ထဲမှာ ၁.၂.၂၀၂၁ နေ့ နံနက်၅နာရီအချိန် လာရောက်ဖမ်းဆီးစဉ် ဦး၀င်းမြင့်ရဲ့အခန်းထဲကို ဗိုလ်ချုပ်ကြီးလား၊ ဒုတိယဗိုလ်ချုပ်ကြီးလား မသိဘူး၊နှစ်ဦး၀င်လာတယ်တဲ့၊ နှစ်ဦး၀င်လာပြီးတော့ ကျန်းမာရေးကောင်းမွန်တဲ့သူတစ်ယောက် ၊ ကျန်းမာရေးကို အကြောင်းပြပြီးတော့ နှုတ်ထွက်ပေးဖို့ပြောတယ်တဲ့သူ့ကို၊ အဲ့ဒီအခါကျတော့ သမ္မတကြီးကနေပြီးတော့ သူက ကျန်းမာရေးကောင်းမွန်တဲ့အတွက်ကြောင့် နှုတ်ထွက်ဖို့ မလုပ်နိုင်ကြောင်း နှုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်တဲ့။ အဲ့ဒီလိုပြန်ပြောတဲ့နေရာမှာ သူတို့ကပြန်စဉ်းစားဖို့ နဲ့ ပုဂ္ဂိုလ်ရေးထိခိုက်မှုရှိနိုင်တယ်ဆိုပြီးသူ့ကို ပြောတယ်တဲ့။ အဲ့ဒီတော့ ဦး၀င်းမြင့်ကလည်း နှုတ်ထွက်မပေးနိုင်တဲ့အကြောင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မယ်ဆိုရင်တော့ မတတ်နိုင်ဘူး အသေပဲခံမယ်လို့ ပြန်ပြောခဲ့ပါတယ်တဲ့။ ဦး၀င်းမြင့်ကနောက်တစ်ခါထပ်ပြီးတော့ ခင်ဗျားတို့ ဥပဒေနဲ့အညီပဲလုပ်သင့်တယ်။ အာဏာမသိမ်းသင့်ဘူးလို့ ပြောခဲ့တယ်၊ နောက်တစ်ခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်းမှာ အမည်ပါရုံနဲ့ စွဲဆိုထားတဲ့အမှုကို ကျူးလွန်တယ်လို့စွပ်စွဲပြောဆိုတာဟာ ယုတ္တိမရှိတဲ့ အခြေအမြစ်လည်းမရှိတဲ့ စွပ်စွဲချက် ဖြစ်တယ်လို့ အဓိကစစ်မေးချက်မှာ ပြောသွားပါတယ်”လို့ ပြောပါတယ်။
 
ဒါ့အပြင် “ပြန်လှန်စစ်မေးတဲ့နေရာမှာတော့ အစိုးရရှေ့နေကနေပြီးတော့မှ တရားလိုဘက်ရှေ့နေကနေပြီးတော့မှ NLD အဖွဲ့ချုပ် ပါတီ၀င်များကို ဦးဆောင်ဖို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊နောက်တစ်ခါ အမျိုးသားညီညွတ်ရေးအစိုးရ NUG နောက်ပြည်သူ့ကာကွယ်ရေးတပ် PDF အဲ့ဒါတွေကိုဖွဲ့စည်းထားတာ သိသလားလို့မေးပါတယ်။ အဲ့တော့ သူ့အနေနဲ့ကတော့ အဲ့အချိန်က သူအပြင်မှာလည်းမရှိတော့ဘူး။ အဖမ်းခံရပြီးသား၊အထိန်းသိမ်းခံနေတဲ့အတွက်ကြောင့် အဲ့ဒါတွေနဲ့ပတ်သက်လို့ သူမသိဘူးလို့ပြောပါတယ်။
အဲ့တော့ စွပ်စွဲခံရသူများရဲ့ရှေ့နေက အဲ့ဒီကိစ္စဟာ အမှုသည်နဲ့မဆိုင်ဘူး။ အမှုဖြစ်ပြီးတဲ့နောက် အကြာကြီးနေမှ ဖွဲ့စည်းတဲ့ကိစ္စ ဖြစ်တဲ့အတွက် အမှုနဲ့ မဆိုင်တဲ့အတွက်ကြောင့် သက်ဆိုင်ခြင်းမရှိတဲ့အတွက်ကြောင့် မမေးသင့်ဘူးလို့ကန့်ကွက်ပါတယ်။ နောက်တစ်ခါ တရားလိုဘက်က NLD အဖွဲ့၀င်တွေပါတဲ့ လူငယ်တွေကလည်း PDF အကြမ်းဖက်အဖွဲ့တွေကို နိုင်ငံရဲ့နေရာတော်တော်များများမှာ ဖွဲ့စည်းခဲ့ကြတာသိသလားလို့မေးပါတယ်။ အဲ့ဒီမေးခွန်းကိုလည်း စွပ်စွဲခံရသူရှေ့နေတွေက ဒီဟာက အမှုနဲ့ ဆိုင်လည်းမဆိုင်ဘူး။ အမှုဖြစ်ပြီးနောက်မှ ပေါ်လာတဲ့ကိစ္စဖြစ်တယ်။ အဲ့ဒါကြောင့် မဆိုင်ဘူးဆိုပြီးကန့်ကွက်ခဲ့တယ်ဗျ၊ နောက်တစ်ခါ အဲ့ဒီအဖွဲ့တွေကရထားလမ်းတွေ အများပြည်သူဆိုင်ရာနေရာတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေပြုလုပ်တယ်။ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း လက်နက်စွဲကိုင်တိုက်ခိုက်တာတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို တပ်သတင်းပေး ဒလန်တွေဆိုပြီး စွပ်စွဲသတ်ဖြတ်တာတွေကိုသိသလားဆိုပြီးတော့ မေးပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့လည်း စွပ်စွဲခံရသူရှေ့နေတွေဘက်ကနေပြီးတော့ အဲ့ဒါကိုကန့်ကွက်ခဲ့ပါတယ်။ အဲ့ဒါကတော့တစ်ဖက်ကမေးတာတွေကန့်ကွက်တာပါ။”လို့ ပြောပါတယ်။
 
ဘာကြောင့် ဒီအမှုစွဲတင်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားချက်မှာ ဦးဝင်းမြင့်ကို ဖမ်းဖမ်းချင်းမှာပဲ ရာထူးထွက်ပေးဖို့ပြောတယ်ဆိုတဲ့အကြောင်းဟာ ဒီကနေ့ရုံးချိန်းမှာပေါ်ပေါက်တဲ့ အချက်အလက်တွေဖြစ်တယ်လို့ သိရပါတယ်။
 
ဒီကနေ့ စစ်ဆေးတာတွေကတော့ “ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု(၂)မှုကို အရင် CMP စီစဉ်ထားတဲ့အတိုင်းအင်္ဂါနေ့ မှာ ဒေါ်အောင်ဆန်းစုကြည်အမှု(၂)မှုအတွက် ကျွန်တော်တို့ကို ခေါ်ယူပါတယ်။ ပထမဆုံးကတော့ ဦး၀င်းမြင့် နံပတ်တစ်စွပ်စွဲခံရသူဖြစ်ပြီးတော့ ၊ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ပါတဲ့ ရာဇသတ်ကြီး ၅၀၅(ခ) အမှုကိုစခေါ်ပါတယ်။ နောက်တစ်ခါ အဲ့ဒါပြီးတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဦးညီညီကနေပြီးတော့မှ စွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) နဲ့အမှုကိုခေါ်ပါတယ်။ အဲ့တော့ ၅၀၅(ခ)ခေါ်တဲ့အခါမှာ နဂိုက ဒိုင်ယာရီမှာဖော်ပြီးတော့ ချိန်းဆိုထားတဲ့အတိုင်းပဲ ဦး၀င်းမြင့် ကို စပြီးတော့ အဓိကစစ်မေးပါတယ်။ ဦး၀င်းမြင့်က သက်သေအဖြစ်အစစ်ခံပါတယ်။ အစစ်ခံတဲ့နေရာမှာတော့ သူ့ကိုဘယ်နေ့ကဖမ်းတဲ့အကြောင်း၊ ပထမဆုံးသူအပြစ်မရှိတဲ့အကြောင်း၊ နောက်တစ်ခါ သူ့ကိုဘယ်နေ့က ဖမ်းတဲ့အကြောင်းအဲ့ဒါတွေပြောပါတယ်”လို့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။
 
အဲ့ဒီအမှုကို ဒီနေ့ စွပ်စွဲခံရသူ (၁) ကိုစစ်ဆေးပြီးတာနဲ့ ရုံးချိန်းကို ထပ်မံချိန်းဆိုလိုက်သလို ဒေါ်အောင်ဆန်းစုကြည်ကိုစွဲထားတဲ့ သဘာဝဘေး (၂၅)အမှုကတော့ နှစ်ဖက် စွဲချက်လျှောက်လဲချက်တင်ခဲ့တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ဦးဝင်းမြင့် #နေပြည်တော် #ရုံးထုတ်စစ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW