ရွှေတွေကို ဘဏ်ကနေ ရောင်းချပေးတဲ့အခါ ဘဏ်အကောင့်အဟောင်းကငွေနဲ့ ဝယ်ယူလို့မရ

အောက်တိုဘာ ၁၇-၂၀၂၁
GH (VOM )
 
ရွှေစျေးနူန်းထိန်းဖို့အတွက်ဆိုပြီး ၉၉.၉၉ ရာခိုင်နူန်းပြည့်ရွှေတွေကို ဘဏ်တွေနဲ့ချိတ်ဆက်ကာ ပြည်သူတွေဆီကို တိုက်ရိုက်ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။
 
အဲ့ဒီလိုရောင်းချရာမှာ အရင်ကဖွင့်ထားတဲ့ ဘဏ်အကောင့်က ငွေတွေနဲ့ ဝယ်ယူလို့ မရနိုင်ဘဲ အကောင့်အသစ်ဖွင့်ပြီးမှ ငွေသားနဲ့ဝယ်ယူလို့ရနိုင်မယ်လို့ သိရပါတယ်။
 
“ဘဏ်ကနေ ရွှေကိုဝယ်ယူမယ်ဆိုရင် လက်ရှိဖွင့်လှစ်ထားပြီးတဲ့ ဘဏ်အကောင့်ထဲမှာရှိတဲ့ငွေသားနဲ့ ပေးချေလို့မရဘဲ အကောင့်အသစ်နဲ့ ငွေသားပေးချေရမှာဖြစ်တယ်၊ အဲ့ဒီ စနစ်အဟောင်းကကျန်ခဲ့ပြီ အခုက စနစ်သစ်၊ အကုန်အကောင့်အသစ်တွေနဲ့ အကုန်သွားတာပဲ။အကောင့်အသစ်ဖွင့်ရမယ်၊ရွှေရော သွင်းလို့ထုတ်လို့ရမယ်။စနစ်ဟောင်းကတော့ တဖြည်းဖြည်းချင်းသွားပါလိမ့်မယ်။ cash ပေးချေရမယ့်သဘောပါပဲ။ ” လို့ YGEAဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။
 
ရောင်းချပေးမယ့် ရွှေတွေကိုတော့ YGEA အသင်းက ဘဏ်မှာအပ်ပေးထားမှာဖြစ်ပြီး အဲ့ဒီရွှေတွေကို ပြည်သူလူထုက ဘဏ်မှာတိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ ဝယ်ယူပြီးနောက် ရွှေတွေကို ဘဏ်မှာပဲပြန်လည်အပ်နှံနိုင်သလို ရွှေသားကို ရယူလိုပါကလည်း တခါတည်း ရယူနိုင်တယ်လို့ သိရပါတယ်။
 
ရွှေကို ဘဏ်တွေနဲ့ချိတ်ဆက်ရောင်းချမယ့်အပေါ် ပြည်သူတယောက်ကတော့ ” လက်ရှိ ကိုယ့်ငွေတောင် ပြန်ထုတ်ဖို့ခက်နေတာ ဘယ်သူက ဘဏ်ကိုယုံပြီးဝယ်မှာလဲ ။ ဝယ်ချင်ရင် ဆိုင်မှာပဲဝယ်မှာပေါ့။ ပြီးတော့ ဘဏ်အကောင့်ထဲကငွေနဲ့လည်း ဝယ်မရဘူးဆိုတော့ ဘာလုပ်ရမှာလဲ” လို့ ဝေဖန်ပြောဆိုပါတယ်။
 
လက်ရှိမှာYGEAကတော့ အဲ့ဒီအစဉ်အစီကို စတင်နိုင်ဖို့အတွက် ရွှေဘဏ်နဲ့ဆွေးနွေးညှိနိူင်းမှုတွေပြုလုပ်ပြီးဖြစ်ကြောင်း၊ စတင်ဖို့အတွက်လည်း YGEA အနေနဲ့ အဆင်သင့်ဖြစ်နေပြီလို့ ဥက္ကဋ္ဌကပြောပါတယ်။
 
ဒီကနေ့ အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ ပြည်တွင်းရွှေစျေးနူန်းက စျေးကွက်မှာ ၁၈ သိန်း ၆ သောင်း အထက်မှာရှိနေသေးတယ်လို့ သိရပါတယ်။
 
Photo- YGEA
#voiceofmyanmar #VOM #ရွှေ #ဘဏ်အကောင့် #ရောင်းဝယ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW