ဝန်ထမ်းချေးငွေပြန်ဆပ်ရမယ့် ကာလတိုးမြင့်မှု CDM တွေမပါဘူးလို့ သိရ

အောက်တိုဘာ ၁၉-၂၀၂၁
KT+ GH (VOM)
 
CDM ပြုလုပ်လို့ ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ဝန်ထမ်းတွေကတော့ ဝန်ထမ်းချေးငွေပြန်ဆပ်ဖို့ အချိန်တိုးမြှင့်ပေးတဲ့အထဲမှာမပါကြောင်း၊ ဒီလ အောက်တိုဘာလကုန်နောက်ဆုံးထားပြီး ချေးငွေအားလုံးကိုပြန်ဆပ်ရမှာဖြစ်တယ်လို့သိရပါတယ်။
 
တကယ်လို့ လကုန်မှာ ချေးငွေကို အကျေပြန်လည်ပေးဆပ်ခြင်းမရှိခဲ့ရင် CDM ပြုလုပ်သူတွေစာရင်းကို ပြည်ထဲဝန်ကြီးဌာနဆီ ပေးအပ်ဖို့ ပညာရေးဝန်ကြီးဌာန အောက်က တက္ကသိုလ်တချိူ့က စီစဉ်နေတယ်လို့ သ်ိရပါတယ်။
 
” အခု ရုံးတက်အလုပ်လုပ်နေတဲ့သူတွေက ချေးငွေပြန်မဆပ်ရသေးဘူး။ CDM တွေကိုပဲ ပြန်ဆပ်ဖို့ပြောတာ။ဒီလကုန်ထိပဲစောင့်မယ်လို့ ပြောနေတယ်။ ဒီလကုန်လာဆပ်ရင် ရုံးမှာပဲ ငွေစာရင်းဆီလာဆပ်ပေါ့။လကုန်မှမဆပ်ရင်တော့ ပြည်ထဲရေးကို အကုန်အပ်လိုက်တော့မယ်လို့ကြားတယ်။ပြည်ထဲရေးက ဆက်ပြီးကိုင်တွယ်မယ့်သဘောပေါ့ ” လို့ ပညာရေးဝန်ကြီးဌာနအောက်က အမည်မဖော်လိုသူ Non CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။
 
နိူင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို လစာ (၂)လစာ ကြိုတင်ထုတ်ပေးခဲ့တဲ့ အတိုးမဲ့ချေးငွေတွေပြန်လည်ကောက်ခံရာမှာ နိူင်ငံ့ဝန်ထမ်းတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အတွက် (၁) နှစ် အစား၊ (၂) နှစ်( ၆ )လ ( ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ မှ ၂၀၂၄ ခုနှစ် မတ်လအထိ)တိုးမြှင့်သတ်မှတ်ကြောင်း အောက်တိုဘာ ၁၈ရက်စွဲနဲ့ ကြေညာထားတာကိုတွေ့ရပါတယ်။
 
“အရင်က တစ်နှစ်နဲ့ အပြီးဆပ်ရမှာပေါ့နော်၊ ဥပမာ…ရာထူးအဆင့်လိုက်ပေါ့နော် ဦးစီးအရာရှိ ၃၉၀၀၀ ကျပ်ဆပ်ရမှာကို ဆိုင်းငံကာလ လပေါင်း ၃၀ ခွင့်ပြုတာကြောင့် တစ်လကို ၁၅၀၀၀ လောက်ဆပ်ရမှာပေါ့နော်၊ ဆပ်ရမယ့်ငွေလျှော့သွားတဲ့သဘောဆိုတော့ ဘာပဲပြောပြောကျေနပ်စရာပါ၊ ဘယ်သူဆီကပဲ ချေးချေး ပြန်ဆပ်ရမှာလေ၊ ဆပ်ငွေကို တစ်နှစ်နဲ့အကျေဆပ်စရာမလိုတော့ဘူး၊ ဘပေါင်း၃၀ အတွင်း အကျေဆပ်ရမှာဆိုတော့ သက်သာသွားတာပေါ့လို့”ဌာနဆိုင်ရာတခုမှ ဦးစီးအရာရှိတဦးကပြောပါတယ်။
 
CDM ပြုလုပ်နေသူတွေကတော့ လောလောဆယ်မှာ အလုပ်ကနေလည်း ရပ်နားခံထားရတာကြောင့် ဝင်ငွေမရှိတဲ့အတွက် ဝန်ထမ်းချေးငွေတွေကိုပြန်ဆပ်နိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။
 
တက္ကသိုလ်အချို့မှာတော့ ရာထူးကနေ ရပ်နားခံထားရသူတွေအနေနဲ့ ဝန်ထမ်းချေးငွေတွေကိုပြန်ဆပ်ဖို့ သတ်မှတ်ပေးထားတဲ့ကာလအတွင်း ချေးငွေပြန်မဆပ်ပါက ဥပဒေအရအရေးယူဆောင်ရွက်တဲ့အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ အသိပေးစာထုတ်ပြန်ထားတာ မျိုးလည်း ရှိပါတယ်။
 
“ဒီအချိန်မှာဝန်ထမ်းအများစုပေါ့ ဦးစီးအရာရှိတောင်မှကျပ်တည်းနေကြတာလေ..ချေးငွေပြန်ဆပ်ရမယ့်ကာလဆိုင်းငံ့လိုက်တယ်ဆိုတော့ ဝမ်းသာပါတယ်၊ ဖေ့စ်ဘုတ်ပေါ်မှာ တွေ့တဲ့စာဆိုတော့ မယုံရဲသေးပါဘူး၊မနေ့ညကသတင်းကြည့်တော့လည်းကြေညာတာမကြားရ..မိုးလင်း fb ပေါ်မှာတွေတာဆိုတော့လည်း…ဖြတ်တယ်/မဖြတ်ဖူးအောက်တိုဘာလကုန်လစာတွေရရင်ကြည့်ပြီးပျော်ရမလား၊မပျော်ရဘူးလားဆိုတာစောင့်ကြည့်ရမှာပေါ့” ဝန်ထမ်းတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ CDM ပြုလုပ်လို့ ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်းတွေရှိသလို၊ အမှုဖွင့်ခံထားရလို့ တိမ်းရှောင်နေသူတွေလည်းရှိကြောင်း၊ ဖမ်းဆီးခံရသူတွေထဲမှာလည်း ပြန်လွတ်လာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #နိုင်ငံဝန်ထမ်း #ချေးငွေ

Related posts

Leave a Comment

VOM News

FREE
VIEW