အမှိုက်ထဲက ရွှေ

အေးချမ်းသူ(VOM)
 
လူအများစုဟာ အိမ်တွေတည်ဆောက်တဲ့အခါမှာ သစ်တွေ၊ သံတွေ၊ အုတ်တွေ၊ ဘိလပ်မြေတွေနဲ့တည်ဆောက်ပြီး အိမ်ရဲ့အမိုးကိုတော့ သွပ်၊အုတ်ကြွပ်၊ဓနီ၊တောင်တန်းတွေနဲ့ မိုးတက်ကြပါတယ်။
 
အများနဲ့မတူဘဲ အိမ်ရဲ့ကိုယ်ထည်ကို ပုလင်းတွေ၊ ဖော့တွေ၊ စွန့်ပစ်သစ်သားတွေနဲ့တည်ဆောက်ပြီး နံရံကို ပုလင်းတွေ ရေသန့်ဗူးတွေနဲ့လုပ်ထားပြီး အမိုးကိုတော့ ကားတာယာဖြတ်ပိုင်းစတွေနဲ့ စနစ်တကျမိုးထားတဲ့ အိမ်တအိမ်ရှိတယ်။အိမ်ရဲ့ နာမည်က”ကြွပ်ကြွပ် “တဲ့….။
 
“ကြွပ်ကြွပ်” ဆိုတဲ့ စွန့်ပစ်ပစွည်းတွေအသုံးပြုပြီး တည်ဆောက်ထားတဲ့ အိမ်လေးဟာ ရန်ကုန်မြစ်ရဲ့ တဖက်ကမ်း ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဂန္ဓာမာလမ်း၊ အိမ်အမှတ် ၅၀၇မှာ တည်ရှိတာပါ။
 
အိမ်ထဲကိုဝင်လိုက်တာနဲ့ စွန့်ပစ်အမှိုက်တွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ လူသုံးကုန်ပစွည်းအမျိုးမျိုးက နံရံတွေ ခုံတွေအပေါ်မှာ စနစ်တကျနေရာယူထားသလို ကြမ်းပြင်ကိုတော့ စွန့်ပစ်ထားတဲ့ သစ်သားတွေနဲ့ စနစ်တကျစီခင်းထားပါတယ်။ အိမ်ရဲ့မျက်နှာကြက်မှာ ဖန်ပုလင်းတွေကို ထည့်သွင်းထားလို့ အလင်းရောင်နဲ့အတူအေးမြမှုတွေကိုလည်း ရရှိစေပါတယ်။
 
“ကြွပ်ကြွပ်” ဆိုတဲ့အိမ်လေးကို ဖန်တီးဆောက်လုပ်ခဲ့သူကတော့ အသက် ၇၀နီးပါးရှိပြီဖြစ်တဲ့ ချင်းတိုင်းရင်းသူ ဒေါ်ဝင်ဒီနဲမ်ပွီး ပဲဖြစ်ပါတယ်။ အသက် ၇၀ လို့ဆိုပေမယ့် သူဝါသနာပါရာ လုပ်နေရတဲ့အတွက် နုပျိုနေပြီး မျက်နှာဟာ ကြည်လင်နေသလို မျက်လုံးတွေကလည်း တောက်ပနေပါတယ်။ စွန့်ပစ်ပစွည်းတွေဖြစ်တဲ့ ပလစ်စတစ်၊ကော်ဖီမစ်၊သားရေကွင်းတို့ကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ ခေါင်းစည်းကြိုးလေးနဲ့ ဆံပင်တွေကိုစုစည်းထားပါတယ်။
 
ဇာတိမှာ ချင်းတောင်ကဖြစ်ပြီး စီးပွာရေးနဲ့ဘွဲရထားကာ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အိမ်ထောင်ကျလို့ သားသမီး(၃)ဦးရတဲ့အခါ အလုပ်ကနေ ထွက်လိုက်တယ်လို့ ပြောပါတယ်။
 
ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်း သားသမီး(၃)ဦးဘွဲ့ရတဲ့အထိ ရိုးရာယက္ကန်းအလုပ်ကို လုပ်ကိုင်ခဲ့ပြီး ရန်ကုန်ကို ၂၀၀၂ ခုနှစ်မှာ အခြေချနေထိုင်ခဲ့တာလို့ သူမကပြောပါတယ်။
 
“ကြွပ်ကြွပ်”ဆိုတဲ့ အိမ်လေးကို အလုပ်ရုံအဖြစ်သတ်မှတ်ပြီး အဲ့ဒီအလုပ်ရုံကနေ လူတကာစွန့်ပစ်လိုက်တဲ့ အမှိုက်တွေကနေ လူသုံးကုန်ပစွည်းတွေဖြစ်တဲ့ ဆွဲခြင်း၊ခြင်းတောင်း၊အိတ်၊ပိုက်ဆံအိတ်၊ဖိနပ်၊ကျောပိုးအိတ်၊လက်ကိုင်အိတ် စတဲ့ပစွည်းအမျိုးအစား ၆၀နီးပါးကို ထုတ်လုပ်နေတာဖြစ်ပါတယ်။
 
ဒီလုပ်ငန်းကို ၂၀၁၄ မေလကစတင်ကာ ဥရောပသမဂ္ဂ EYနဲ့ပူးပေါင်းပြီး အီတလီကနေ နည်းပညာယူကာ အမှိုက်ပြဿနာကို ဖြေရှင်းဖို့နဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိူင်ဖို့ ကြွပ်ကြွပ် ဆိုတဲ့အမည်နဲ့ အုပ်စုဖွဲ့လုပ်ခဲ့တာပါလို့ ဒေါ်ဝင်ဒီနဲမ်ပွီးက ပြောပါတယ်။
 
“ဒီအိမ်ဆောက်တဲ့ ရည်ရွယ်ချက်က လူတွေကို ပညာပေးဖို့ စွန့်ပစ်ပစွည်းတွေနဲ့ အိမ်ဆောက်လို့ရတယ်ဆိုတာ သိစေချင်တာ၊ တစ်အိမ်လုံးRecycleတွေချည်းပဲ၊ ကြမ်းခင်းဆိုလည်း စွန့်ပစ်ထားတဲ့သစ်သား၊ အုတ်ခဲကိုဘယ်လိုလုပ်လဲဆိုတော့ ဖော့တွေလေ ပစွည်းမကွဲအောင် ခံထားတဲ့ဖော့တွေကို ကြိတ်ပြီး မလာဆာနဲ့ရောပြီး အုတ်ခဲလုပ်တာ၊ နံရံတွေက အချိုရေဗူးတွေ ပုလင်းတွေပေါ့၊ အမိုးကတော့ ကားတာယာနဲ့မိုးထားတယ်”လို့ သူမကရှင်းပြပါတယ်။
 
လူသုံးကုန်ပစွည်းထုတ်လုပ်ဖို့ လိုအပ်တဲ့ကုန်ကြမ်းပစွည်းတွေကတော့ လူတကာစွန့်ပစ်လိုက်တဲ့ ပလတ်စတစ် ကော်ဖီအိတ်ခွံ၊ ဘိလပ်မြေအိတ်ခွံ၊ ကားတာယာ၊ ကားကြွပ်၊ စက်ဘီးတာယာ၊ စက်ဘီးကြွပ်၊ ထီးစုပ်၊ ဂုန်နီအိတ်၊ တာယာတွေပဲဖြစ်ပါတယ်။
 
“ဒီလုပ်ငန်းနဲ့ပတ်သက်လို့ ပြောရရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တစ်ခုတည်းမဟုတ်ဘူး၊ အမျိုးသမီးတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပါတာပေါ့”လို့ ဒေါ်ဝင်ဒီက ရှင်းပြပါတယ်။
 
ဒီလိုပြုလုပ်ဖို့အတွက် အချို့ကုန်ကြမ်းတွေဟာ ရှာဖွေရခက်ခဲမှုတွေလည်းရှိပြီး ကုန်ကြမ်းတွေကို အမှိုက်ပုံကနေ ကောက်ယူတာရှိသလို မိတ်ဆွေတွေဆီကနေ တောင်းယူတာ၊ဝယ်ယူတာရှိတဲ့အပြင် အမှိုက်သိမ်းသူတွေဆီကလည်း ဝယ်ရတာရှိတယ်လို့လည်း သူမကပြောပါတယ်။
 
ရရှိလာတဲ့ ကြွပ်ကြွပ်အိတ်တွေကို ဆေးကြောသန့်စင် မီးပူတိုက်ပြီး စက်တွေနဲ့ချုပ်ကာ ပိုက်ဆံအိတ်တွေ လွယ်အိတ်တွေ ပြုလုပ်သလို ရလာတဲ့စွန့်ပစ်ပစွည်းအပေါ်မူတည်ပြီး စဥ်းစားတွေးခေါ်ကာ ဒီဇိုင်းအသစ်ဖန်တီးရတာလည်းရှိတယ်လို့ သူမကပြောပါတယ်။
 
ကုန်ပစွည်းတွေပြုလုပ်ပြီးပါက ChuChu workshop ဆိုင်မှာရောင်းချတဲ့အခါမှာတော့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားလျက်ရှိပြီး လာရောက်လေ့လာ ဝယ်ယူမှုတွေလည်းရှိတယ်လို့ သူမက ရှင်းပြပါတယ်။
 
အမှိုက်တွေ စွန့်ပစ်ပစွည်းတွေကနေ တဆင့်ပြန်လည်အသုံးပြုလို့ရအောင်ဖန်တီးထားတဲ့ အသုံးအဆောင်ပစွည်းတွေကို နိူင်ငံတကာမှာ တွင်ကျယ်စွာအသုံးပြုပေမယ့် မြန်မာနိူင်ငံမှာတော့ အသုံးပြုတာနည်းပါးတယ်လို့ သူမကပြောပါတယ်။
 
“ပြည်တွင်းကလူတွေက ဒီဇိုင်းက လှတယ် စိတ်ဝင်စားတယ် ဘာနဲ့လုပ်တာလဲ မေးလို့ စွန့်ပစ်ပစွည်းတွေနဲ့ လုပ်တာလို့ပြောရင် မသုံးချင်တော့ဘူး၊ ဒါကအမှ်ိုက်တွေနဲ့လုပ်တာပေါ့ စိတ်ထဲမသန့်သလိုပေါ့၊ ကျွန်မတို့လုပ်တဲ့ကုန်ပစွည်းတွေကို နိူင်ငံခြားသားတွေက သဘောကျတယ်များတယ် “လို့ သူမကရှင်းပြပါတယ်။
 
နိူင်ငံခြားသားတွေဟာ အမှိုက်ပုံကို ရောက်သွားမယ့် စွန့်ပစ်ပစွည်းတွေကို လူသုံးကုန်ဖြစ်အောင် ပြန်လုပ်ထားတဲ့အတွက် ပိုပြီးတန်ဖိုးထားကာ လာရောက်လေ့လာကြတယ်လို့ သိရပါတယ် ။
 
ပြည်တွင်းကနေ ရှမ်းပြည်၊ ကချင်၊ ကယား၊ ချင်းပြည်နယ် နေရာအနှံမှာရှိတဲ့ လူငယ်တွေ လာရောက်လေ့လာသင်ယူကြပြီး သင်တန်းသားဦးရေ ၅၀ဦးနဲ့ လာရောက်လေ့လာလုပ်ကိုင်သူတွေကို ဒေါ်ဝင်ဒီအနေနဲ့ ပညာသင်ပေးတဲ့အပြင် ပိုက်ဆံပါပေးတယ်လို့ သိရပါတယ်။
 
“အိမ်မှာနေရင်း စွန့်ပစ်ပစွည်းတွေကို အသုံးချတက်အောင်သင်ပေးတယ်၊ လူတွေက မတူဘူးလေ တချို့က ချုပ်တက်တယ် တချို့ကမချုပ်တက်ဘူး၊ လက်မှုပညာတော့ တစ်ခုခုတက်တယ်၊ သူတို့လုပ်တဲ့ပစ္စည်းကို တနာရီတစ်ထောင်နှုန်းနဲ့ပြန်ပေးတယ်၊ ဒါမှ အလုပ်ရဲ့တန်ဖိုးလည်း သိမှာလေ”လို့ သူမကပြောပါတယ်။
 
ရန်ကုန်မြို့မှာ ပတ်ဝန်းကျင်သာယာလှပဖို့အတွက် စွန့်ပစ်ပစွည်းတွေကို စနစ်တကျ စွန့်ပစ်ထိန်းသိမ်းဖို့လိုအပ်သလို စွန့်ပစ်အမှိုက်တွေလျှော့ချရေး၊ စွန့်ပစ်ပစွည်းတွေကနေ လူသုံးကုန်ပစွည်းထုတ်လုပ်မှုဟာလည်း လူငယ်တွေကြားမှာ ပြန့်ပွားဖို့လိုပါတယ်။
 
ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ် ၃၃ မြို့နယ်ကို ခရိုင်လေးခုခွဲ၍ သန့်ရှင်းရေးဝန်ထမ်းဦးရေ ၄၀၀၀ နီးပါး အမှိုက်သိမ်းယာဥ်နဲ့ လိုက်လံသိမ်းဆည်းရာ နေ့စဥ်အမှိုက်တန်ချိန် ၂၅၀၀ ကျော်ထွက်ရှိနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
 
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတဦးက”သိမ်းနေရုံနဲ့မရဘူးလေ ပညာပေးအနေနဲ့လည်း လုပ်ရမယ်၊ စွန့်ပစ်ပစွည်းတွေကို ဘယ်လိုအသုံးချမလဲပေါ့၊ တဖက်တလမ်းက ဘယ်လိုဝင်ငွေရအောင်ရှာမလဲဆိုတာမျိုး အစိုးရအနေနဲ့ လုပ်သင့်တယ်၊ လုပ်နေတဲ့
သူတွေကိုလည်း ကမ်းလှမ်းရမယ်”လို့ ပြောပါတယ်။
 
“ကြွပ်ကြွပ် “စွန့်ပစ်ပစွည်းနဲ့ပြုလုပ်သော လက်မှုပညာလုပ်ငန်း လုပ်ကိုင်နေသူဟာ အစိုးရဆီကနေ ကူညီထောက်ပံ့မှုမရရှိခဲ့သလို ရယူခဲ့ခြင်းလည်း မရှိတဲ့အပြင် Recycle လုပ်ငန်းတွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်သူတစ်ဦးဖြစ်ပါတယ်။
 
“အခုချိန်ကတော့ ကိုဗစ်နဲ့ကိုစစ်နဲ့ပေါ့၊ ဒီလုပ်ငန်းတွေကိုလည်း မှေးမှိန်သွားမှာ ပျောက်ကွယ်သွားမှာစိုးရိမ်တယ်၊ အန်တီအနေနဲ့ကတော့ ဒီလုပ်ငန်းကို ဆက်ပြီးလုပ်ဆောင်သွားမယ် ချဲ့လည်းချဲ့ထွင်သွားမယ်”လို့ သူမကပြောပါတယ်။
 
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဆိုတာ လူတွေတင်မကဘဲ တိရိစ္ဆာန်တွေကိုရော ပတ်ဝန်းကျင်ကိုပါ အကျိုးပြုတဲ့လုပ်ငန်းဖြစ်ပြီး မထိန်းသိမ်းနိုင်ခဲ့ရင် လူရော တိရိစ္ဆာန်ရော ကမ္ဘာကြီးပါ ဒုက္ခရောက်မယ့်အရာတစ်ခုဖြစ်တယ်လို့ ဒေါ်ဝင်ဒီနဲမ်ပွီးက ပြောပါတယ်။
 
“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လူတိုင်းကနားလည်ပြီး ငါ့ရဲ့တာဝန်ပဲဆိုပြီး သဘောထားမယ်ဆိုရင် လူတိုင်းကိုလည်းအကျိုးပြုမယ်၊ ရာသီဥတုလည်းကောင်းလာမယ်၊ လူတွေလည်းကျန်းမာလာမယ်”လို့ ပြောပါတယ်။
 
“ကြွပ်ကြွပ် “ဆိုတဲ့ အလုပ်ရုံလေးမှာ စွန့်ပစ်ပစွည်းတွေကနေ လူသုံးကုန်ပစွည်းတွေဖန်တီးနေတဲ့ ဒေါ်ဝင်ဒီမဲန်ပွီးတစ်ယောက် အမှိုက်တွေရဲ့ဆိုးကျိုးတွေကို ပါးစပ်ကပြောနေရင်း စူပါကော်ဖီမစ်အိတ်ခွံတွေကို ပိုက်ဆံအိတ်လုပ်ဖို့ ကတ်ကြေးနဲ့ညှပ်နေပါတော့တယ်….။
 
#voiceofmyanmar #VOM #အမှိုက်ထဲကရွှေ #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW